ဗဟုသုတ

၂၆ နှစ်အကြာထိအတူရှိခဲ့တဲ့သခင်ဖြစ်သူကို စောင့်ဆိုင်းကာ နောက်ဆုံးအကြိမ်တွေ့ဆုံပြီးမှ ကွယ်လွန်သွားခဲ့တဲ့ သစ္စာရှိကျွဲတစ်ကောင်

ထိုင်ဝမ်၊ Yunlin ကောင်တီမှ Liang Ping အမည်ရှိသက်ကြီးရွယ်အိုအဘိုးတစ်ဦးဟာ ကျွဲတစ်ကောင်အား သူ့မိသားစုရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ပိုင်ဆိုင်ထားခဲ့ပြီး ၂၆ နှစ်ကြာအောင် မွေးမြူခဲ့ပါတယ်။ Niu Niu ဟုအမည်ပေးထားတဲ့အဆိုပါကျွဲဟာ လယ်ကွင်း၌ နေ့တိုင်းနီးပါး Ping နှင့်အတူတကွအလုပ်လုပ်ခဲ့ပြီး အချင်းချင်းနက်ရှိုင်းတဲ့ဆက်ဆံရေးကို တည်ဆောက်ခဲ့ကြပါတယ်။

အဘိုး Ping ဟာ ၂၀၁၁ ခုနှစ်မှာ အသက် ၇၅ နှစ်ပြည့်သွားတဲ့အခါ Niu Niu ကလည်း အသက်ကြီးလာခဲ့ပြီး အနားယူဖို့လိုလာတာကြောင့် Ping ဟာ ၎င်းတို့လယ်၌ နောက်ဆုံးအကြိမ်အလုပ်လုပ်ပြီးနောက် Niu Niu အား Tainan မြို့ရှိ Old Cows House သို့ ပို့ချင်နေခဲ့ပါတယ်။

သခင်ဖြစ်သူနှင့်ကွဲကွာရတော့မှာကို သိနေတဲ့ Niu Niu ဟာ ထရပ်ကားပေါ်သို့တက်ရန်ငြင်းဆန်ခဲ့ပြီး မရွှေ့ဘဲနေနေခဲ့ပါတယ်။ ထို့ကြောင့် Ping က ၎င်းရဲ့မျက်နှာကို ပုတ်ပေးရင်း “ငါမင်းကိုမလိုချင်လို့မဟုတ်ဘူး” ဟု ပြောခဲ့ပြီး ထိုစကားကိုကြားပြီးတဲ့နောက် Niu Niu ဟာ နောက်ဆုံးမှာ ကားပေါ်သို့တက်ခဲ့ပါတော့တယ်။

အချိန်အကြာကြီး အတူတကွရှိနေခဲ့ကြတာကြောင့် ၎င်းတို့ဟာ ခွဲခွါချိန်မှာ မျက်ရည်များကျခဲ့ကြပုံရပါတယ်။ Old Cows House သို့ရောက်ပြန်တော့လည်း Niu Niu ဟာ Ping အားလွမ်းဆွေးတာကြောင့် အစာစားဖို့လည်း ငြင်းဆန်ခဲ့ပါတယ်။

ဒီသတင်းကို ကြားတော့ Ping က သူ့ကျွဲကို ကြည့်ဖို့ ၎င်းနေရာသို့ ချက်ချင်းပင် သွားခဲ့ပါတယ်။ Niu Niu ဟာ Ping ကို တွေ့တော့မှဘဲ အစားပြန်စားခဲ့ပါတယ်။ Niu Niu ဟာ Old Cows House တွင် ၆ နှစ်ကြာနေခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ၃၂ နှစ်အရွယ်သို့ ရောက်ခဲ့ပြီး ၎င်းဟာ လူ့အသက် ၁၀၀ နှစ်နှင့်ညီမျှပါတယ်။ တစ်နေ့မှာ Niu Niu ဟာ အလွန်အားနည်းတဲ့အခြေအနေမှာရှိနေခဲ့ပြီး သူ့ရဲ့အစာကိုလည်း မစားနိုင်ခဲ့ပါဘူး။

ထို့ကြောင့် ထိန်းသိမ်းသူက Ping အား အလျင်အမြန်အကြောင်းကြားခဲ့ပြီး Ping ဟာ Niu Niu အတွက် သူ့ရဲ့ဇာတိမြို့မှအစားအစာအချို့ကို ချက်ချင်းယူဆောင်လာပေးခဲ့ပါတယ်။ Ping ရောက်လာတဲ့အခါ Niu Niu ဟာ ၎င်းအစားအစာကို ပျော်ရွှင်စွာစားသုံးခဲ့ပေမဲ့ ထိုညတွင် Niu Niu ဟာ ကိုယ်တွင်းအင်္ဂါချို့ယွင်းမှုကြောင့် သေဆုံးသွားခဲ့ပြီး Ping က ပြင်ဆင်ပေးခဲ့တဲ့ညစာဟာ ၎င်းရဲ့နောက်ဆုံးညစာဖြစ်သွားခဲ့ရပါတယ်။

မမှတ်မထားတဲ့အဖြစ်အပျက်ကို ကြားသိခဲ့ရပြီးနောက် Ping က Old Cows House ကို အမြန်ပြေးသွားခဲ့ပြီးအဝါရောင်အ၀တ်နဲ့ဖုံးအုပ်ထားတဲ့ မြေပြင်ပေါ်ရှိ Niu Niu ကိုတွေ့လိုက်ရပါတယ်။

ထို့နောက် “ မင်းတစ်သက်လုံးအလုပ်ကြိုးစားခဲ့တယ်၊ လူဝင်စားပြီးကောင်းမွန်တဲ့ဘ၀ကိုပိုင်ဆိုင်ဖို့ကောင်းတဲ့ချမ်းသာတဲ့မိသားစုကို ရှာပါ ” ဟု Ping က Niu Niu ကို နောက်ဆုံးအကြိမ်အဖြစ် နှုတ်ဆက်စကားပြောခွင့်ရခဲ့ပါတယ်။ ဒါဟာ ဝမ်းနည်းစရာကောင်းသလို အဘိုး Ping နှင့် Niu Niu တို့ကြားရှိ သံယောဇဉ်ကိုလည်း သိခွင့်ရခဲ့ရပါတယ်။