ဗဟုသုတ

သေဆုံးသွားမှန်းမသိဘဲ သခင်ဖြစ်သူရဲ့အလာကို လမ်းဘေးတစ်နေရာမှာ ရက်ပေါင်း ၈၀ အကြာထိ စောင့်ဆိုင်းနေခဲ့တဲ့ သစ္စာရှိခွေးလေး

Akita အမျိုးအစားဖြစ်ပြီး Hachiko အမည်ရှိခွေးလေးဟာ သခင်ဖြစ်သူရဲ့အိမ်ပြန်အလာကို ဘူတာရုံ၌ ၉ နှစ်အကြာစောင့်ဆိုင်းခဲ့ပေမဲ့လည်း သခင်ဖြစ်သူ Hidesaburō Ueno က အလုပ်လုပ်နေရင်း ဦးနှောက်သွေးယိုစိမ့်မှုကြောင့် သေဆုံးသွားခဲ့တာကြောင့် ဘယ်တော့မှ ခွေးလေးဆီပြန်မလာနိုင်တော့တဲ့ဖြစ်ရပ်မှန်ပုံပြင်ကို ကြားဖူးကြမှာပါ။

သို့ပေမဲ့ ခွေးလေးဟာ သခင်ကဘာဖြစ်သွားတာလဲဆိုတာကို မသိနေခဲ့တဲ့အတွက် သခင်ဆုံးပြီးသွားတာတောင် ရထားဘူတာမှာ ဆက်စောင့်နေခဲ့ပါတယ်။ ခွေးလေးဟာ နေ့တိုင်း ဘူတာရုံမှာ အမြဲရှိနေခဲ့ပြီး သူ့ရဲ့မယုံနိုင်စရာသစ္စာရှိမှုကြောင့် Hachiko လေးဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ လူသိများကျော်ကြားလာခဲ့ပါတယ်။

မကြာသေးမီက မွန်ဂိုလီးယားနိုင်ငံရှိ လမ်းမကြီးတစ်နေရာရဲ့ဘေးမှာ သခင်ဖြစ်သူအား လပေါင်းများစွာအထိစောင့်ဆိုင်းနေခဲ့တဲ့ခွေးလေးတစ်ကောင်ကို တွေ့ခဲ့ကြပြီးနောက် netizen များက ၎င်းခွေးလေးအား Hachiko အသစ်ဟု ခေါ်ခဲ့ကြပါတယ်။

၎င်းအမည်မသိခွေးပိုင်ရှင်ဟာ မတော်တဆမှုတစ်ခုနှင့်ကြုံခဲ့ရပေမဲ့ Hachiko လိုခွေးလေးက သခင်ဖြစ်သူကနောက်ဘယ်တော့မှပြန်မလာနိုင်တော့ဘူးဆိုတာကိုမသိနေခဲ့ပါဘူး။ ခွေးပိုင်ရှင်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် ကားမတော်တဆမှုတစ်ခုနှင့်ကြုံတွေ့ခဲ့ရပြီး ခွေးဟာလည်း ထိုအချိန်ကတည်းကပင် ထို့နေရာမှာ သခင်ပြန်လာမဲ့အချိန်ကို စောင့်ဆိုင်းနေခဲ့ပါတယ်။

ထို့နောက် နိုဝင်ဘာလ ၁၀ ရက်နေ့မှာ လမ်းမကြီးဘေးရှိ သခင့်အလာကိုစောင့်နေခဲ့သနားစရာခွေးလေးရဲ့ဗီဒီယိုကို တရုတ်သတင်းပလက်ဖောင်းတစ်ခုမှ မျှဝေပေးခဲ့ပါတယ်။ ၎င်းဗီဒီယိုဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ ကြည့်ရှုသူပေါင်းသန်းချီရရှိခဲ့ပြီး ခွေးလေးရဲ့သစ္စာရှိမှုကြောင့် လူအများရဲ့အထင်ကြီးလေးစားခံခဲ့ရပါတယ်။

ခွေးလေးရဲ့နာမည်ကိုဘယ်သူမှမသိခဲ့ပါဘူး။ ထို့ကြောင့် ကမ္ဘာပေါ်တွင်သစ္စာအရှိဆုံးခွေးလေးအား ဂုဏ်ပြုသောအားဖြင့် လူအများက Hachiko အသစ်ဟု ခေါ်တွင်ခဲ့ကြပါတယ်။

မူလ Hachiko ကဲ့သို့ပင် ဤခေတ်သစ် Hachiko ဟာ ရာသီဥတုမရွေး ၎င်းနေရာ၌သာရှိနေခဲ့ပါတယ်။ ထို့ကြောင့် ၎င်းရဲ့ကျန်းမာရေးအတွက် စိတ်ပူခဲ့ကြတဲ့ များစွာသောလူများက ခွေးလေးကို ကူညီဖို့ကြိုးစားခဲ့ကြပေမဲ့ ခွေးလေးဟာ ဒေါသတကြီးနှင့်ကူညီတဲ့သူတိုင်းကို ရှောင်ဖယ်နေခဲ့ပါတယ်။

ထို့ကြောင့် ခွေးချစ်သူများဟာ ၎င်းနေရာမှာ ခွေးလေးအတွက် အစာနှင့်ရေတို့ကို ကျန်ထားပေးခဲ့ကြပေမဲ့ ပိုင်ရှင်ရဲ့မိသားစုက ခွေးလေးကို အသိအမှတ်ပြုပြီး အိမ်သို့ပြန်ခေါ်သွားပေးဖို့ကို မျှော်လင့်နေခဲ့ကြပါတယ်။

ဆောင်းရာသီနီးကပ်လာသည်နှင့်အမျှ ၎င်းကဲ့သို့အမြန်ဆုံးဖြစ်လာရန် သို့မဟုတ် သနားစရာကောင်းလွန်းတဲ့ခွေးလေးအား တစ်စုံတစ်ယောက်က မွေးစားလိမ့်မယ်လို့ လူတိုင်းက မျှော်လင့်နေခဲ့ကြပါတယ်။