မော်လမြိုင်၊ ဩဂုတ် ၂၆
KNU တပ်မဟာ(၆) ဒူးပလာယာခရိုင်အတွင်းက စစ်ကောင်စီ တပ်ဖွဲ့ ခြေကုပ်ယူထားတဲ့ တပ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ဒီမနက် ၁၀ နာရီမှာ တက်ရောက်သိမ်းယူနိုင်ခဲ့တယ်လို့ KNU ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။
ကေအဲန်ယူ ဒူးပလာယာခရိုင် နို့တကောမြို့နယ် ခုတ်ခွားမှာကျေးရွာမှာရှိတဲ့ စစ်ကောင်စီ စခန်းတစ်ခုကို KNLA တပ်မဟာ (၆) တပ်ရင်း (၁၇) တပ်ခွဲ (၁) တပ်ဖွဲ့ဝင်တွေက တက်ရောက်သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။
တက်ရောက်သိမ်းဆည်းတဲ့အချိန်မှာ စစ်ကောင်စီ လက်အောက်ခံ BGF တပ်ဖွဲ့တွေက ပြန်ခုခံတာမရှိဘဲ ဆုတ်ခွာသွားတဲ့အတွက် အလွယ်တကူသိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ KNU ထိန်းချုပ်နယ်မြေထဲက ကော့ကရိတ်မြို့နယ်အတွင်းကို ဒီကေန့ မနက်ပိုင်းက လေယာဉ်တစ်စီးနဲ့ လာရောက်ထောက်လှမ်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
သတင်း- သံလွင်တိုင်းမ်
ပုံစာ- ပြီးခဲ့တဲ့ မတ်လတုန်းက စစ်ကောင်စီ တပ်စခန်း တစ်ခုကို KNU သိမ်းယူခဲ့စဉ်။