ဗဟုသုတ

ခြေနှစ်ဖက်မရှိတော့ပဲ ဧဝရက်တောင်ထိပ်ကို တက်ရောက်နိုင်ခဲ့တဲ့ အသက် (၆၉) နှစ်အရွယ် အဘိုးအိုရဲ့အကြောင်း

သူကတော့ တရုတ်နိုင်ငံက အသက် ၆၉နှစ်ရှိပြီဖြစ်တဲ့ အဘိုးအို Xia Boyu ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်က သူဟာ ဧဝရက်တောင်ထိပ်ကိုအောင်မြင်စွာ တက်ရောက်နိုင်ခဲ့တာကြောင့် ဧဝရက်တောင်ထိပ်ကို ခြေနှစ်ဖက်မရှိပဲတက်ရောက်နိုင်ခဲ့တဲ့ အသက်အကြီးဆုံးသူဖြစ်လာပါတယ်။

ဒီအောင်မြင်မှုဟာ သူ့ရဲ့မလျှော့တဲ့ဇွဲကြောင့် လို့ဆိုရမှာပါ။ ဒီတစ်ကြိမ်မတိုင်ခင် လွန်ခဲ့တဲ့ အနှစ် ၄၀ခန့်ကတည်းက သူဟာ ဧဝရက်တောင်ကို ပထမအကြိမ်တက်ဖူးခဲ့ပြီး သူ့ရဲ့ခြေနှစ်ဖက်ကို ဆုံးရှုံးခဲ့ရသူဖြစ်ပါတယ်။

Xia Boyu ဟာ ဧဝရက်တောင်ကို ပထမဆုံးတက်ဖို့ကြိုးစားခဲ့တာကတော့ ၁၉၇၅ခုနှစ်မှာဖြစ်ပါတယ်။ အဲဒီတုန်းက သူဟာတရုတ်အစိုးရစေလွှတ်တဲ့ တောင်တက်အဖွဲ့ဝင်တစ်ယောက်အနေနဲ့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ တောင်ထိပ်ကိုရောက်လုနီးပါးဖြစ်ခဲ့ပြီး တောင်ထိပ်ရောက်ဖို့ ပေ ၈၀၀ ခန့် အလိုမှာ သူတို့အဖွဲ့ဟာ ဆိုးရွားတဲ့မုန်တိုင်းနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

နှစ်ရက်နဲ့သုံးညတိုင်တိုင် စောင့်ခဲ့ကြပေမယ့် ရာသီဥတုဟာ ပိုဆိုးလာတဲ့အတွက် အားလုံးအသက်ရှင်စေဖို့ တောင်ထိပ်တက်မယ့် အစီအစဉ်ကို လက်လျှော့ခဲ့ပြီး ပြန်ဆင်းခဲ့ရပါတယ်။ဒီလိုစောင့်ဆိုင်းနေတဲ့အချိန်အတွင်းမှာ Xia Boyu ဟာ သူ့ရဲ့အိပ်ယာကို သူ့ထက်အခြေအနေပိုဆိုးတဲ့ တောင်တက်သမားတစ်ယောက်ကိုပေးပြီး အိပ်စေခဲ့ပါတယ်။

မမျှော်လင့်ပဲ သူ့ရဲ့ကူညီမှုဟာ သူ့ကိုဒုက္ခရောက်စေခဲ့ပါတယ်။အကြောင်းကတော့ ဒီလိုကူညီမှုကြောင့် သူဟာ နှင်းကိုက်နာကို ခံစားခဲ့ရပြီး ခြေထောက်နှစ်ဖက်စလုံးကို ဖြတ်ပြစ်ခဲ့ရလို့ဖြစ်ပါတယ်။

၁၉၉၆ခုနှစ်မှာတော့ သူ့မှာ Lymphoma ရောဂါ(ပြန်ရည်ကြောကင်ဆာ) ဖြစ်နေတာကို စစ်ဆေးတွေ့ရတဲ့အတွက် အရင်က ခြေနှစ်ဖက်စလုံးကို ဒူးခေါင်းအောက်အထိ ထပ်ဖြတ်ရပြန်ပါတယ်။ ဒီလိုဆိုးရွားတဲ့ အခြေအနေမှာ သူဟာအနားယူသင့်ပြီဖြစ်ပေမယ့် သူ့ရဲ့အိပ်မက်ကိုမစွန့်လွှတ်ခဲ့ပါဘူး။ သူဟာ ခြေတုနှစ်ဖက်နဲ့အတူ ပင်ပင်ပန်းပန်း လေ့ကျင့်ခန်းတွေကို ပြန်လုပ်ပါတယ်။

ဧဝရက်တောင်ထိပ်ကို မရောက်ရောက်အောင်တက်နိုင်ရမယ်ဆိုတဲ့ ဆန္ဒကို ဆုပ်ကိုင်ရင်းနဲ့ပေါ့။တောက်လျှောက်ရောဂါခံစားနေခဲ့ရပေမယ့် လေ့ကျင့်ခန်းတွေကို မလျှော့ပဲ ပြုလုပ်ခဲ့တာကြောင့် ခြေထောက်ဖြတ်ရပြီး နှစ်ပေါင်း ၄၀အကြာမှာတော့ သူဟာ ခြေတုတွေနဲ့ အတူပုံမှန်လူတစ်ယောက်လို လှုပ်ရှားသွားလာနိုင်ခဲ့ပြီး တောင်တက်ဖို့အဆင်သင့်ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် ၂၀၁၄ခုနှစ်မှာ သူဟာ ဧဝရက်တောင်ကို နောက်တစ်ကြိမ်ပြန်တက်ခဲ့ပါတယ်။ ဒါပေမယ့် ဆိုးရွားတဲ့ရာသီဥတုကို ထပ်မံကြုံတွေရပြန်တာကြောင့် ပြန်လှည့်ခဲ့ရပြန်ပါတယ်။ ၂၀၁၅ခုနှစ်မှာ ထပ်တက်ပြန်တယ်။ အလားတူပဲ ပြန်လှည့်ခဲ့ရပါတယ်။

၂၀၁၆ခုနှစ်မှာတော့ အလျော့မပေးတဲ့သူဟာ ဧဝရက်တောင်ကို နောက်တစ်ကြိမ်ထပ်တက်ပြန်ပါတယ်။ ဒီတစ်ခါမှာတော့ သူဟာ တောင်ထိပ်ကို ရောက်ဖို့ ပေ ၃၀၀ကျော်အကွာအဝေးအထိရောက်ခဲ့ပါတယ်။ ကံဆိုးတယ်ပဲပြောရမလား ။ ပထမအခေါက်တွေတုန်းကလိုပဲ ဆိုးရွားတဲ့ရာသီဥတုနဲ့ ထပ်ကြုံခဲ့ရပြီး နောက်ပြန်လှည့်ခဲ့ရပြန်ပါတယ်။

ဆက်တိုက်ကံမကောင်းခဲ့ပေမယ့် သူကတော့ စိတ်ဓာတ်မကျခဲ့ပါဘူး။နှစ်ပေါင်း ၄၀လုံးလုံး ကျွန်တော့်အိပ်မက်အတွက် တိုက်ခိုက်ခဲ့တယ်။ အသက်ကြီးလာပြီဖြစ်လို့ ကျွန်တော့်ကိုလက်လျှော့ဖို့ပြောကြပေမယ့် ဘာအတွက်နဲ့မှ ကျွန်တော်အလျော့ပေးမှာမဟုတ်ပါဘူး ၊ ကျွန်တော့်ပန်းတိုင်ကို မရောက်ရောက်အောင်သွားမှာပါ လို့ Xia Boyu က ဆိုပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့နှစ် သူ့ရဲ့တောင်တက်ခရီးငါးကြိမ်မြောက်အတွက် ပြင်ဆင်နေတုန်းမှာတော့ သူဟာစိတ်ဓာတ်ကျခဲ့ရပါတယ်။ အကြောင်းကတော့ နီပေါအစိုးရဟာ ခြေနှစ်ဖက်မရှိသူ နဲ့ မျက်မမြင်တွေကို တောင်ပေါ်တက်ရောက်ခွင့် ပိတ်ပင်လိုက်လို့ဖြစ်ပါတယ်။

သူ့ရဲ့အိပ်မက်ကို မက်ခွင့်မရတော့ဘူးလို့ Xia Boyu ထင်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် သူကံကောင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့မတ်လက နီပေါအစိုးရက သူတို့ထုတ်ပြန်ခဲ့တဲ့ ဥပေဒေသာ မသန်စွမ်းတွေအပေါ်ခွဲခြားသလိုဖြစ်တာကြောင့် ပိတ်ပင်ထားတဲ့ ဥပဒေကို ပြန်ရုပ်သိမ်းခဲ့လို့ဖြစ်ပါတယ်။

ဒါကြောင့် Xia Boyu ဟာ ပြီးခဲ့တဲ့ရက်က သူ့ရဲ့ငါးကြိမ်မြောက်အဖြစ် ဧဝရက်တောင်ကို တက်ခဲ့ပါတယ်။ ဒီတစ်ခါတော့ ရာသီဥတုက သူ့ဘက်ကိုပါပြီး သူကံကောင်းပါတယ်။ သူ့ရဲ့မလျှော့တဲ့အကြိမ်ကြိမ်ကြိုးစားမှုကြောင့် နောက်ဆုံးမှာတော့ ပေ ၂၉၀၀၀ကျော်မြင့်တဲ့ ဧဝရက်တောင်ထိပ်ဟာ သူ့ရဲ့ခြေထောက်အောက်ကို ရောက်ရှိခဲ့ရပါတယ်။

သူဟာ ဧဝရက်တောင်ထိပ်ကို ဒုတိယမြောက်တက်ရောက်နိုင်ခဲ့တဲ့ ခြေထောက်နှစ်ဖက်မရှိသူဖြစ်ပြီး သူ့အရင် ပထမတစ်ယောက်ကတော့ ၂၀၀၆ခုနှစ်တုန်းက တက်ရောက်ခဲ့တဲ့ နယူးဇီလန်နိုင်ငံသား Mark Inglis ဖြစ်ပါတယ်။ Xia Boyu ကတော့ ခြေထောက်နှစ်ဖက်မရှိပဲ ဧဝရက်တောင်ထိပ်ကိုတက်ရောက်ခဲ့တဲ့ အသက်အကြီးဆုံးပုဂ္ဂိုလ်အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

ခြေထောက်မရှိတော့တဲ့ အသက် ၆၉နှစ် အဖိုးအိုတစ်ယောက်တောင် မလျှော့တမ်းကြိုးစားရင် ဧဝရက်တောင်ထိပ်ကိုတက်နိုင်တယ် ဆိုတာ Xia Boyu က သက်သေပြခဲ့တာဖြစ်ပါတယ်။