ဗဟုသုတ

ဒေသအလိုက်ရှိနေသည့် PDF တပ်ဖွဲ့များကို လက်နက်တပ်ဆင်ပေးမည်ဟု NUG အစိုးရပြော

ဧရာဝတီတိုင်းမ််

အမျိုးသားညီညွတ်ရေးအစိုးရ – NUG အနေဖြင့် စစ်ကောင်စီအား တိုက်ခိုက်ရန်စီစဉ်နေပြီး ဒေသအလိုက် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF များကို တတ်နိုင်သမျှ လက်နက်တပ်ဆင် ပေးသွားမည်ဖြစ်ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။

“လက်နက်တပ်ဆင်ရေးအတွက်လည်း ကြိုးစားပြီးတော့ ဖြစ်နိုင်သမျှ ဆောင်ရွက်နေပါတယ်။ ဒီနေရာမှာ PDF တပ်ရင်း တပ်ဖွဲ့တွေကို တပ်ဆင်သလို Local PDF လို့ပြောရမယ့် ကျွန်တော်တို့ကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ လို့ သုံးနှုန်းပါတယ်။

ပကဖတွေကိုလည်း ဖြစ်နိုင်သမျှ လက်နက်တပ်ဆင်ပေးသွားမှာ ဖြစ်ပါတယ်”ဟု NUG အစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က RFA သတင်းဌာနကို ပြောဆိုသည်။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် PDF တပ်ဖွဲ့ကို အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းနှင် အလယ်ပိုင်းတိုင်းဟူ၍ စစ်တိုင်း ၅ တိုင်းဖွဲ့စည်းကာ စစ်ကောင်စီကိုတိုက်ခိုက်ရန် လေ့ကျင့်ပြင်ဆင်ထားပြီး စစ်ဆင်ရေးဆင်နွှဲချိန်တွင် မဟာမိတ်ဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင် လက်တွဲကာ စစ်ကောင်စီကို တိုက်ခိုက်သွားမှာဖြစ်ကြောင်း ဦးရည်မွန်က ပြောသည်။

စစ်ဆင်ရေးဆင်နွှဲရာတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များမှ စစ်ရေးအတွေ့အကြုံပြည့်ဝသောသူများက ဦးဆောင်မည်​ဖြစ်ပြီး ၎င်းတို့ ဦးဆောင်မှုအောက်တွင် PDF တပ်ဖွဲ့များက လိုက်ပါ၍ စစ်ကောင်စီကို တိုက်ခိုက်မှုများ ဆောင်ရွက်မှာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“အခြေခံကနေပြောမယ်ဆိုရင်တော PDF တပ်ရင်းတပ်ဖွဲ့တွေကို စုဖွဲ့နေပြီ။ ဒီလိုစုဖွဲ့ရာမှာ ရာထူးလို့တောင် ပြောလို့မရဘဲ တာဝန်လို့ပဲပြောလို့ရမယ်။ တပ်စိတ်မှူး၊ တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး၊ စစ်ဒေသမှူး ဒီလိုအသုံးအနှုန်းနဲ့ တာဝန်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

တပ်ရင်းတပ်ဖွဲ့တွေကိုလည်း စနစ်တကျ စုဖွဲ့နေပြီ။ လိုအပ်တဲ့ စစ်ဘက်ဆိုင်ရာတာဝန်တွေကိုလည်း အပ်နှင်းနေပြီ။ တချိန်တည်းမှာပဲ စစ်ဆင်ရေးကို ကြီးကြပ်ကွပ်ကဲဦးဆောင် သွားမယ့် စစ်ဒေသမှူးတွေကို ခန့်အပ်နိုင်ဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်”ဟု NUG အစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က RFA သတင်းဌာနကို ပြောဆိုသည်။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်ပူးပေါင်း၍ အာဏာသိမ်း စစ်ကောင်စီကို တပြိုင်နက်တည်း တော်လှန်တိုက်ခိုက်မည့် D – Day နေ့ကို ညှိနှိုင်းသတ်မှတ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။