စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်က စစ်သားနှစ်ဦး ဩဂုတ် ၂၁ ရက် ညနေပိုင်းက စစ်လက်နက်ပစ္စည်းအပြည့်အစုံနဲ့ ထွက်ပြေးသွားတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“ဟုတ်တယ်ဗျ ရဲ မဟုတ်ဘူး၊ စစ်သားနှစ်ဦး ထွက်ပြေးတာတဲ့။ စစ်လက်နက်ပစ္စည်း အပြည့်အစုံနဲ့ ပြေးတာလို့ သိရတယ်။ စစ်သားတွေ တပ်စွဲထားတာက မြို့မရဲစခန်းထဲ တပ်စွဲထားတာ၊ အဲဒီကထွက်ပြေးတာ။
ပြေးတဲ့အချိန် အတိအကျ မသိရပေမယ့် ည ၇ နာရီလောက် လျှပ်စစ်မီးပြတ်နေချိန် စစ်ကားတွေ ရဲကားတွေနဲ့ လှည့်ရှာနေကြတာ တွေ့ရတယ်။”
ခင်ဦးမြို့မှာ သီးသန့်တပ်စခန်း မရှိပေမဲ့ မြို့မရဲစခန်းအတွင်းမှာပဲ စစ်သား အယောက် ၂၀ လောက်နဲ့ အမြဲတမ်းတပ်စွဲထားတာဖြစ်ပြီး အခုလို စစ်သားတွေ ထွက်ပြေးတာဟာ ပထမဆုံး ဖြစ်တယ်လို့ သိရပါတယ်။
ဩဂုတ် ၂၀ ရက်ကလည်း စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရဲစခန်းက ရဲတပ်ကြပ်ကြီး တစ်ဦး လက်နက်တွေ ယူဆောင်ပြီး ပြည်သူနဲ့အတူ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့ပါတယ်။