ဩဂုတ် ၂၁၊ The Nation Voice
မကွေးလေတပ်မှ စစ်သည် ၃၆ဦးသည် လက်နက်များနှင့်အတူ ထွက်ပြေးသွားပြီး လုံခြုံသည့်နေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ယုံကြည်စိတ်ချရသော ဒေသခံပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိသလို အသေးစိတ်အချက်အလက်များလည်း လုံခြုံရေးကြောင့် ထုတ်ဖော်ပြောဆိုနိုင်စွမ်းမရှိကြောင်း သတင်းရင်းမြစ်ကပြောသည်။ အဆိုပါ မကွေးလေတပ်စခန်းတွင် ဩဂုတ် ၈ရက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ယင်းမတိုင်ခင်ကလည်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။
လုံခြုံရေးတင်းကြပ်ထားသည့် လေတပ်စခန်းတစ်ခုအတွင်း ဗုံးဖောက်ခွဲမှုကို ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်က ၎င်းတို့ လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ ထိုသို့ လုပ်ဆောင်ရာတွင် မဟာမိတ်တပ်ပေါင်းစုအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်က ပြောသည်။
ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်သည် မကွေးနှင့် နယ်မြေခြင်းဆက်စပ်နေသည့် တောင်တွင်းကြီးမြို့နယ်၌ အဓိက လှုပ်ရှားသည့် အဖွဲ့ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ထားဝယ်အခြေစိုက် ခလရ(၂၅)တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ဦး လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ထားဝယ်မြို့ပေါ်တွင် စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်ခဲ့သည်ဟု ဒေသခံကပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း တပ်မတော်သားများအနေဖြင့် စစ်အုပ်စု၏ အကျိုးစီးပွားကို အသက်ပေးကာကွယ်ခြင်းမပြုဘဲ ပြည်သူ့ဘက်ရပ်တည်ကြရန် ထုတ်ပြန်ထားသည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ထားသည့် တပ်မတော်အရာရှိများနှင့် စုဖွဲ့ထားသော ပြည်သူ့စစ်သား အဖွဲ့လည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကူညီမှုပေးနိုင်ပါက တစ်လအတွင်း စစ်ကောင်စီတပ်မှ ထွက်လာမည့် စစ်သား ၅၀၀ ခန့်ရှိကြောင်း ယမန်နေ့က အသိပေးချက်ထုတ်ပြန်ထားသည်။