ဗဟုသုတ

“အာဖဂန်နစ္စတန်နိုင်ငံက ပေးလိုက်တဲ့ သင်ခန်းစာ”

အာဖဂန်က သင်ခန်းစာတစ်ခုရလိုက်တယ်

အာဖဂန်မှာ အဓိကဖိနှိပ်ခံရတာက အမျိုးသမီးတွေဖြစ်တယ်။ ဒါပေမယ့် တိုင်းပြည်ကိုစွန့်ခွာဖို့ ပြူးပြဲနေတာက သန်သန်မာမာ အမျိုးသားတွေဖြစ်နေတယ်။ လိုက်ခွင့်ရတဲ့ လေယာဉ်ပေါ်မှာလဲ ပါသွားတာ သန်သန်မာမာ အရွယ်ကောင်းတွေချည်းပဲ အမျိုးသမီးတွေကို ဦးစားပေးရမှန်းမသိကြတာမဟုတ်ဘူး။

ငါအသက်ရှင်ရင်ပြီးရောဆိုတဲ့ ငါတကောတွေများလို့ အာဖဂန်က တာလီဘန်လက်ထဲ ကိုယ့်မကြိုက်တဲ့ဝါဒအောက်ရောက်ရတာ။ အမေရိကန်တွေ နှစ်၂၀ ဝင်တိုက်ခဲ့တယ် ဒီမိုကရေစီလိုချင်တဲ့ ပြည်သူတွေကို စစ်သင်တန်းပေးခဲ့တယ် ကာကွယ်ပေးခဲ့တယ်။

ဘယ်လောက်ပဲ လုပ်ပေးလုပ်ပေး ကိုယ်ကမညစ်ပဲ လက်သည်ကိုပဲအားကိုးလာခဲ့တော့ အမေရိကန်တွေလည်းထွက်ရော လပိုင်းနဲ့တာလီဘန်လက်ထဲပြန်ရောက်ခဲ့ရတယ်။

အဓိက အကြောင်းအရင်းက တော်လှန်ရေးအတွက် အရေးကြီးတဲ့ အရွယ်ကောင်းလူငယ်၊လူရွယ် နှင့်အမျိုးသားအများစုက ဒီမိုကရေစီနိုင်ငံမှာပဲနေချင်ကြတာ ဒီမိုကရေစီစိတ်ဓာတ်နဲ့ပေးဆပ်မှုတော့ မရှိကြလို့ပဲ😔

ကိုယ့်နေချင်တဲ့နိုင်ငံကို ကိုယ်ကိုယ်တိုင်ကပုံဖော်ရမှာပါ တခြားမဟာမိတ်တွေက အကူအညီပေးရုံမျှသာ💪🏻

ဂျိုးဘိုင်ဒန်မိန့်ခွန်းကို ကိုးကားပြီးရေးထားတဲ့ ဒီဆရာပိုစ့်လည်း ဖတ်လို့ကောင်းလို့ ဖတ်ကြည့်ကြပါ👇👇👇

အာဖဂန်၏ သင်ခန်းစာ

“ အာဖဂန်တပ်သားတွေကိုယ်တိုင်က တိုက်ပွဲဝင်ဖို့ ဆန္ဒမရှိ၊ အသေခံဖို့ ဆန္ဒမရှိတဲ့ စစ်ပွဲမှာ အမေရိကန်တပ်သားတွေက သူတို့ကိုယ်စား တိုက်ပွဲဝင်ဖို့၊ အသေခံရဖို့ဆိုတာ မဖြစ်သင့်သလို ဖြစ်လဲမဖြစ်နိုင်ပါဘူး။ ကိုယ့်တိုင်းပြည်ကို ကိုယ်ပဲ ကာကွယ်ရမယ်။ ကျနော်တို့ရဲ့ တိုင်းပြည်အတွက်၊ အမေရိကန်အတွက် သူတို့ရဲ့ အသက်ကို ပေးဆပ်စွန့်လွှတ်ထားတဲ့ အမေရိကန်တပ်သားတွေတဦးတယောက်ချင်းစီရဲ့ စွန့်လွှတ်မှု၊ ပေးဆပ်မှုတွေအတွက် ဒီဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါပဲ။ ဒီဆုံးဖြတ်ချက်အတွက် ကျနော် အပြစ်တင်ခံရနိုင်တယ်ဆိုတာ သိပေမယ့်လဲ ကျနော် ဒီအပြစ်တင်မှုတွေကို ရင်ဆီးခံယူပါမယ်။ ကျနော် ခေါင်းရှောင်နေလိုက်ရင်လဲ နောင်တချိန်မှာ အခြားသမ္မတယောက်က ဒီဆုံးဖြတ်ချက်ကို ချရမှာဖြစ်ပြီး သူဟာ အပြစ်တင်မှုကို ခံယူရပါလိမ့်မယ်။”

ဒါကတော့ အမေရိကန်တနိုင်ငံလုံးကို အာဖဂန်အရေးနဲ့ ပတ်သက်ပြီး မိန့်ခွန်းပြောကြားခဲ့တဲ့ အမေရိကန်သမ္မတ ဘိုင်ဒန်ရဲ့ မိန့်ခွန်းပါ စာသားတွေပါပဲ။ သူပြောတာက အမှန်တရားပါပဲ။ ကိုယ့်တိုင်းပြည်အတွက် ကိုယ်တိုင် တိုက်ပွဲမဝင်ကြရင် တခြားတိုင်းပြည်ကတော့ အသက်တွေအချောင် အသေမခံနိုင်ပါဘူး။ တချို့က အမေရိကန် ဆုတ်ခွာတာဟာ ကျဆုံးခန်း ဘာညာဆိုပြီး ထင်ကြေးနဲ့ ရေးနေကြပါတယ်။ တကယ်ကတော့ အမေရိကန်ဟာ အခုလို ဆုတ်ခွာဖို့ ပြင်ဆင်လာတာ ဆယ်စုနှစ် တခုရှိနေပါပြီ။ ဘယ်လိုစတင်ခဲ့ပါသလဲ။

၉/၁၁ တိုက်ခိုက်မှုအပြီးမှာ အမေရိကန်ဟာ နေတိုးအဖွဲ့နဲ့အတူ အာဖဂန်ကို ဝင်ခဲ့ပါတယ်။ တာလီဘန်တွေကို တစစီ အစိတ်စိတ်အမြွှာမြွှာ ဖြိုခွဲခဲ့ပြီး အာဖဂန်မြေက မောင်းထုတ်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့လိုချင်တဲ့ ဘင်လာဒင်ကို မရတဲ့အတွက် နှစ်များစွာ လိုက်လံရှာဖွေခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ဘင်လာဒင်ကို သုတ်သင်ပြီးတဲ့နောက်မှာ သူတို့ရဲ့ တာဝန်က ပြီးဆုံးပြီလို့ အိုဘားမားက ဆုံးဖြတ်ပါတယ်။ ဒါပေမယ့် တပ်တွေကို မရုပ်သေးပါဘူး။ စတင်ပြီး အရေအတွက်ကို လျှော့ချခဲ့ပါတယ်။ အီရတ်၊ အာဖဂန်နဲ့ ဆီးရီးယား စစ်မြေပြင် ၃ ခုမှာ အမေရိကန်အတွက် ဝန်အပိဆုံးက အာဖဂန်ပါ။ ဘာမှမရှိတဲ့တိုင်းပြည်ကို ပြန်ထူထောင်ပေးခဲ့ရပါတယ်။ အဲဒီလုပ်ငန်းစဉ်က ငွေကြေး အရမ်းကုန်ကြပါတယ်။

ထရန့် တက်လာတဲ့အခါမှာတော့ America First ဆိုတဲ့ သဘောတရားအရ မလိုအပ်တာတွေ မလုပ်တော့ပါဘူး။ အမေရိကန်ရဲ့ ငွေယိုပေါက်ကြီးက အရှေ့အလယ်ပိုင်း ဒေသမှာ ရှိနေပါတယ်။ အဲဒီမှာပဲ ဆီးရီးယားနဲ့ အီရတ်က တပ်တွေကို ရုပ်သိမ်းပါတော့တယ်။ အီရတ်စစ်တပ်ကတော့ အမေရိကန်လေ့ကျင့်ပေးထားမှုနဲ့အတူ စနစ်တကျရှိနေပြီး ISIS အကြမ်းဖက်တွေကိုပါ တိုက်ထုတ်နိုင်ခဲ့ပါတယ်။ အာဖဂန်ကတော့ တခြားစီပါ။ အဲဒီမှာ ထရန့်က နယ်စပ်ဒေသက တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ပါတယ်။ အိမ်ဖြူတော်ကိုပါ ခေါ်ခဲ့ပါသေးတယ်။ အဲဒီသဘောတူညီချက်ကို Taliban Peace Deal လို့ ခေါ်ပါတယ်။ အမေရိကန်တပ်တွေ ဆုတ်ရင် ရန်မပြုဖို့ပါ။ မနေ့ညကထိ Trump website မှာ တင်ထားပီး အခုမှ ကမန်းကတန်း ဖြုတ်ချလိုက်ပါတယ်။

ထရန့်ရဲ့ မူလ အပြီးဆုတ်ခွာမယ့်ရက်က မေလ ၁ ရက်နေ့ဖြစ်ပါတယ်။ ဒါပေမယ့် အာဖဂန်သမ္မတနဲ့ အစိုးရအဖွဲ့ရဲ့ မေတ္တာရပ်ခံချက်အရ ဘိုင်ဒန်က မေလ ၁ ရက်နေ့ကို စက်တင်ဘာ ၁၁ ကို နောက်ဆုတ်ပေးခဲ့ပါတယ်။ စက်တင်ဘာ ၁၁ တိုက်ခိုက်မှု နှစ်ပတ်လည်နေ့မှာ အကုန်ရုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ နှစ် ၂၀ တိတိကြာမြင့်တဲ့ အမေရိကန်ရဲ့ အရှည်ကြာဆုံးစစ်ပွဲကို အပြီးသတ်ဖို့ပါ။ ဒါပေမယ့် အနားနီးလာလေ အာဖဂန်တွေ မရုပ်ဖို့ပူဆာပါတယ်။ ဒီတခါတော့ ဘိုင်ဒန်က သဘောပေါက်သွားပါပြီ။ ဒီလိုဆို အဆင်မပြေဘူးဆိုတာ သိလို့ အကုန်ပြန်ရုပ်ဖို့ပဲ အမိန့်ပေးလိုက်ပါတယ်။ တွက်ကိန်းမှားသွားတာက အာဖဂန်တပ်အကြောင်းပါပဲ။

သူတို့က ဘာမှကို ပြန်မတိုက်ပဲ ထွက်ပြေးတဲ့အတွက် တာလီဘန်တွေက တမြို့ပြီး တမြို့ကို အလျင်အမြန်သိမ်းလာခဲ့တာပါ။

ဒါကြောင့် အမေရိကန်နဲ့အပေါင်းပါတွေကို ကယ်ထုတ်ဖို့ ဘိုင်ဒန်က တပ်သား ၆၀၀၀ စေလွှတ်ခဲ့ပါတယ်။ ဒီတပ်သားတွေကလဲ ကယ်ဆယ်ရေးတာဝန်ပြီးတာနဲ့ တခါထဲ ပြန်မှာဖြစ်ပြီး အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမေရိကန် Base တွေလွဲရင် နေရာယူထားတာတွေ ရှိတော့မှာ မဟုတ်ပါဘူး။ တာလီဘန်တွေက အမေရိကန်ကို မတိုက်သလို အမေရိကန်ကလဲ သွားမတိုက်ပါဘူး။ ဒါက ကြိုတင်သဘောတူညီချက်ပါ။

ထွက်ခွာရတဲ့အဓိကအချက်ကတော့ ငွေကြေးပါပဲ။ အာဖဂန်မှာ ဆက်တပ်စွဲထားရင် ၂၀၅၀ ကျရင် ဒေါ်လာ ၆.၅ ထရီလီယံအထိ ကုန်ကျမှာ ဖြစ်ပါတယ်။ ဒီငွေဟာ တခြားတဘက်မှာ အများကြီး လုပ်လို့ရတဲ့ပမာဏ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ဘေး၊ ရာသီဥတုပြောင်းလဲမှု တားဆီးရေး၊ တဖက်မှာ ကိုယ်က စစ်စားရိတ်ထောင်းနေတုန်း အလျင်အမြန် အင်အားကြီးထွားလာတဲ့ တရုတ်ကို တားဆီးရေးတို့ကို လုပ်ဖို့ အမေရိကန်က လမ်းကြောင်းပြောင်းလိုက်တာပါပဲ။ သူတို့ဆီမှာ သမ္မတတွေက တယောက်တမျိုးဆိုပေမယ့် သူတို့ရဲ့ ကျောရိုးကို ဘယ်တော့မှ အထိခံလေ့မရှိပါဘူး။ အခု လက်ရှိ အမေရိကန်ရဲ့ အာရုံစိုက်မှုက အာရှတိုက် အထူးသဖြင့် အင်ဒိုပစိဖိတ်ဒေသကို ကျရောက်လာနေပါတယ်။

၂၀၀၁ မှာ အာဖဂန်ကို သွားတိုက်ရတာက အမေရိကန်ပြည်မှာ အကြမ်းဖက်မှုတွေ မရှိဖို့ ကြိုတင်လက်ဦးမှုယူတဲ့အနေနဲ့ ဘုရှ်က သွားတိုက်တာဖြစ်ပါတယ်။ အဲဒီထဲက အမေရိကန်မှာ ကြီးမားတဲ့အကြမ်းဖက်မှုတွေ မရှိခဲ့တာ ဒီနေ့ထိပါပဲ။ ဒါပေမယ့် အခုချိန်မှာတော့ အကြမ်းဖက်အဖွဲ့တွေဟာ အာဖဂန်က ကျော်လွန်ပြီး ဆီးရီးယားတို့ ဆိုမာလီတို့မှာ အခြေတွယ်နေပြီလို့ ဘိုင်ဒန်က ပြောသွားပါသေးတယ်။ သူ့မိန့်ခွန်းရဲ့ အဓိက စကားလေးနဲ့ပဲ ပိတ်သိမ်းချင်ပါတယ်။

“ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက ကျနော်တို့ အာဖဂန်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာက အယ်ကိုင်ဒါတွေ အာဖဂန်မြေကို ခြေကုပ်ယူပြီး ကျနော်တို့တိုင်းပြည်ကို အကြမ်းမဖက်နိုင်ဖို့ပါ။ ကျနော်တို့ရဲ့ ရည်မှန်းချက်ထဲမှာ အာဖဂန်နိုင်ငံကို ပြန်လည်တည်ဆောက်ပေးပြီး တသက်လုံး ထောက်ပံ့နေဖို့ဆိုတာ မပါဝင်ပါဘူး။ အာဖဂန်စစ်တပ်ကိုယ်တိုင်က တိုင်းပြည်ကို ကာကွယ်ဖို့ ဆန္ဒမရှိရင် နောက် ၁၀ နှစ်လောက် အမေရိကန်တပ်တွေ ဆက်ထားပေးလဲ ဘာမှထူးလာမှာ မဟုတ်ပါဘူး။”

ကိုယ့်ကံကြမ္မာအတွက် ကိုယ်တိုင် တိုက်ပွဲမဝင်ချင်တဲ့၊ အခွင့်အရေးတွေ ရပါလျက်နဲ့ ရေသာခိုလိုက်နေတဲ့၊ ခြစားနေတဲ့ အာဖဂန်တွေအတွက်တော့ ကိုယ့်တိုင်းပြည်ကို ကိုယ်တိုင်ပဲ တည်ဆောက်ရမယ်ဆိုတဲ့အချက်ကို သင်ခန်းစာ အကြီးကြီး ရရှိလိုက်ရပါတော့တယ်။

Aung Thu Ya

Nay Thway