ဗဟုသုတ

ထီပေါက်ခဲ့တဲ့အကြောင်းကို ၁၀နှစ်ကြာ လျှို့ဝှက်ထားခဲ့တဲ့ လင်မယား၊ လူ ၃၀ကို ဘဝပြောင်းပေးခဲ့

မန်စီးတီးအသင်းအမာခံပရိသတ် လင်မယားနှစ်ဦးဟာ လွန်ခဲ့တဲ့ ၁၀နှစ်က သူတို့ထီဆုကြီးပေါက်ခဲ့တာကို လျှို့ဝှက်ထားခဲ့ပြီး၊ သန်းကြွယ်သူဌေးဘဝကို လူမသိသူမသိခံယူခဲ့ပါတယ်။ သားတွေ၊ သမီးတွေသိလာမှသာ ထီပေါက်ခဲ့ကြောင်းဝန်ခံခဲ့လို့ လက်ရှိဆိုရှယ်မီဒီယာမှာ ချီးကျူးခံနေရပါတယ်။

ရှာရွန်နဲ့ နဂျယ်မက်သာဆိုတဲ့ လင်မယားဟာ ၂၀၁၀ခုနှစ်မှာ ပေါင် ၁၂.၄သန်းတန်ဖိုးရှိတဲ့ ထီဆုကြီးပေါက်ခဲ့ပါတယ်။ အဲဒီကာလတုန်းကအနေအထားနဲ့တွက်ရင် ချက်ချင်းကို သန်းကြွယ်သူဌေးအဖြစ် ထိပ်တန်းစာရင်းဝင်နိုင်သူတွေဖြစ်ပေမဲ့ ထီပေါက်ခဲ့တဲ့အကြောင်းကို လျှို့ဝှက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။

နာမည်မကြီးချင်တာနဲ့ နဂိုကတည်းက သာမန်ဝန်ထမ်းတွေဖြစ်တာကြောင့် ဟိတ်ဟန်မလုပ်ခဲ့ပါဘူး။ အဲဒီအစား ထီပေါက်တဲ့အထဲက ပိုက်ဆံတွေကို သူငယ်ချင်း၊ အဆင်မပြေတဲ့ မိသားစုဝင်တွေကို ဝန်ထမ်းဘဝကလွတ်ဖို့ ချက်လက်မှတ်တွေရေးပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အယောက် ၃၀တိတိ ချက်လက်မှတ်တစောင်စီရေးပေးခဲ့ကာ ဝန်ထမ်းဘဝကနေ အိမ်ပိုင်ယာပိုင်ဖြစ်လာဖို့ကူညီပေးနိုင်ခဲ့ပါတယ်။ နည်းနည်းလိုသူ နည်းနည်း၊ များများလိုသူများများ ကူညီခဲ့ပြီး၊ ထီပေါက်တယ်လို့လည်း မပြောခဲ့ပါဘူး။ သူငယ်ချင်းတွေကတော့ ရိပ်မိနေပါတယ်။

ထီပေါက်တုန်းက သားတယောက်ပဲရှိသေးပေမဲ့ ၂၀၂၁အရောက်မှာ သားသမီးသုံးယောက်ရှိလာခဲ့တဲ့ လင်မယားဟာ ကလေးတွေရဲ့ထက်မြက်မှုကြောင့် ထီပေါက်တာပေါ်သွားခဲ့ပါတယ်။ သူတို့မိဘတွေဟာ သန်းကြွယ်သူဌေးတွေဖြစ်ပြီး၊ မန်ချက်စတာမြို့မှာ လူကုံထံစာရင်းဝင်ဆိုတာကို အင်တာနက်ကနေသိသွားခဲ့တာပါ။

အင်တာနက်ထုံစံအတိုင်း နာမည်ကြီးသွားချိန်မှာ ရှာရွန်တို့လင်မယားက ဝန်ခံခဲ့ပြီး၊ မန်စီးတီးအသင်းနဲ့ဓာတ်ပုံတွေရိုက်ဖူးကြောင်းပါ ပြောပြခဲ့ပါတယ်။ အခုလိုထီဆုကြီးပေါက်ပြီး လူတွေကို ကူညီခဲ့တာတောင် နှစ်တွေအကြာကြီး လျှို့ဝှက်ထားနိုင်တာကလည်း နာမည်မကြီးချင်တာကြောင့်လို့ သိရပါတယ်။