ဗဟုသုတ

ကမ္ဘာကျော်သွားခဲ့တဲ့ ဓာတ်ပုံတစ်ပုံ အကြောင်း

၁၉၈၅ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှာ ကိုလံဘီယာမှာရှိတဲ့ နီဗာဒို ဒယ်လ်ရဇ် (Nevado del Ruiz ) မီးတောင်ပေါက်ကွဲမှုဖြစ်တော့ ကျောက်ရည်ချော်ပူရည်တွေဟာ ရွာပေါင်း ၁၃ ရွာနဲ့ လူ အသက်ပေါင်း ၂၃၀၀၀ ကျော်ကို ပျက်ကြွေစေခဲ့တယ်။

ဒီမီးတောင်က ချော်ရည်က လာဗား (lava)လို့ခေါ်တဲ့ ကျောက်ရည်ပူ အမျိုးအစား မဟုတ်ပဲ လာဟာ (lahar) လို့ခေါ်တဲ့ ရွှံ့ရောကျောက်ရည်တွေဖြစ်ပြီး အင်မတန်မြန်ဆန်တဲ့အရှိန်နဲ့ အလွာလိုက် တဟုန်ထိုးဆင်းလာတာဖြစ်တယ်။အဲဒီ ရွံှ့လွှာကြီးဖြတ်အသွားမှာ အပြင်ဘက်က ဆောင်းရာသီ ရေခဲမှုန်တွေနဲ့ တွေ့ပြီး ကျောက်ရည်တွေဟာ သက်ရှိသက်မဲ့ အကုန်ကို ကွန်ကရိနဲ့မံထားသလို အေးခဲသွားစေတယ်။

အဲဒီထဲက အပြစ်မဲ့ သားကောင် တစ်ဦးဖြစ်တဲ့ အသက် ၁၃နစ်အရွယ် Omayra Sánchez Garzón (အိုမေရာ ဆန်းချက်ဇ် ဂါရ်ဇွန်) ရဲ့ အဖြစ်အပျက်ဟာ ရင်ကွဲစရာ ဓါတ်ပုံတစ်ပုံအဖြစ်နဲ့ သက်သေခံ ကျန်ရစ်ခဲ့ပါတယ်။

နိုဝင်ဘာ ၁၃ရက်ညမှာ မီးတောင် ပေါက်ကွဲရာက ထွက်လာတဲ့ ချော်ရည်တွေဟာ အိုမေရာ တို့ရဲ့ အာရ်မေရိုကျေးရွာကို လွှမ်းခြုံသွားခဲ့တယ်။ ရွှံ့ရည်တွေ တအိမ်လုံးကို တိုးဝင်လာတဲ့ အချိန်မှာ သူတို့ အိမ်လေးမှာ အိုမေရာရယ် ၊ သူ့ အဖေရယ် အဒေါ်ရယ် မောင်လေးရယ် အားလုံး မအိပ်ပဲ စိုးရိမ်တကြီး မီးတောင် ပေါက်ကွဲမှုကို စောင့်စားနေကြချိန်ဖြစ်တယ်။ ဒါပေမဲ့ ချော်ရည်တွေ ဒီလောက် မြန်မြန်ရောက်လာလိမ့်မယ်လို့ သူတို့ မမှန်းထားခဲ့ဘူး။ သူ့အမေကတော့ ခရီးထွက်သွားတော့ အိမ်မှာမရှိဘူး။

ချော်ရည်တွေ ဝင်လာတော့ အိုမေရာဟာ ခါးအောက်ပိုင်းကနေ ဘိလပ်မြေငုံထားသလို အိမ်အပျက်အစီးတွေကြားထဲ ရွံ့ရည်တွေနဲ့ ရောပြီး နစ်နေခဲ့တယ်။ ရွှံ့ရည်တွေ တဖြည်းဖြည်း လည်ပင်းအထိ နစ်လာပေမဲ့ သူ့လက်တဖက် ထွက်နေတဲ့ အတွက် ရှာဖွေရေး သမားတွေက သူ့ကို တွေ့ပြီး သိပ်ပြီး မမာသေးတဲ့ ရွှံ့ရည်တွေကို ယက်ထုတ်ပစ်ခဲ့ကြတယ်။

ခါးအောက်ပိုင်းကတော့ ဘိလပ်မြေနဲ့ မံထားသလို လုံးဝလှုပ်လို့ မရတော့ဘူး။ ကောင်မလေးကို ကယ်ဆယ်ရေးတွေ အတတ်နိုင်ဆုံး ကြိုးစားပြီး ကယ်ခဲ့ကြတယ်။ ဒါပေမဲ့ သူ့ကို ဆွဲမလိုက်တိုင်း လပ်သွားတဲ့ နေရာမှာ ရေတွေ ဒလဟော ဝင်လာတော့ သူ့လည်ပင်းမှာ ကားတာယာကွင်းစွပ်ထားပေးပြီး မျက်နှာ ရေပေါ်ပေါ်အောင် ထားထားရတယ်။

ဒီလို အသက်ဆက်ထားရပေမဲ့ အိုမေရာဟာ စိတ်ဓါတ်ကျပုံမပြခဲ့ဘူး။ ကယ်ဆယ်ရေး သမားတွေ ဂျာနယ်လစ်တွေနဲ့ သီချင်းအတူ ဆိုနေခဲ့တယ်။ သူစားချင်တဲ့ဟာဆိုရင်လည်း အချိုစားမယ် အအေးသောက်မယ်နဲ့ နည်းနည်းစီ စားတယ်။

ကလေးပီပီ တခါတရံမှာတော့ ကြောက်ပြီး ငိုတာတွေ ဆုတောင်းတာတွေလည်း ရှိတယ်။ သူကျောင်းနောက်မကျချင်ဘူး သင်္ချာဖြေရအုံးမှာလို့ပြောနေခဲ့သေးတယ်။ ၃ ရက် တိုင်တိုင် တောင့်ခံ အပြီးမှာ အိုမေရာရဲ့ မျက်နှာ ရောင်တက်လာပြီး လက်တွေက ဖြူရော်လာတယ်။

Handout photo released by El Espectador of Colombian Omayra Sanchez, 12, trapped in Armero, Colombia on November 15, 1985. The girl was trapped for more than 60 hours following the eruption of the Nevado Del Ruiz volcano and finally died on November 16. Over 20,000 people died in the disaster. AFP PHOTO / EL ESPECTADOR – Jairo Higuera

အင်မတန် ဝမ်းနည်းနေကြတဲ့ ကယ်ဆယ်ရေး သမားတွေက ရေစုပ်စက်ကြီးတစ်လုံးနဲ့ ပြန်ရောက်လာပြီး သူမ ကို ကယ်ဖို့ တခါလုပ်ကြပြန်တယ်။ ဘေးကရေတွေကို စုပ်ထုတ်ပစ်ကြတယ်။ အဲဒီခါကျမှ အိုမေရာ ဟ ဒူးထောက် လျက်သား အနေအထားနဲ့ သူ့အိမ်ရဲ့ တံခါးဝမှာ နစ်နေတာမှန်း တွေ့ကြရတယ်။

သူမရဲ့ ပေါင်ရင်းကနေ ခြေထောက်မဖြတ်ပဲ အိုမေရာ့ကို ဆွဲထုတ်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ သူတို့မှာ ခွဲစိတ်မယ့် ကိရိယာ တန်ဆာပလာနဲ့ ကျွမ်းကျင်သူတွေ ဘာမှ မရှိတာကြောင့် ကလေးမကို ဒီအတိုင်း ထားလိုက်တာက ပိုပြီး သူ့အတွက် သက်သာစေမယ်လို့ ဆုံးဖြတ်လိုက်ရတယ်။

အိုမေရာရဲ့ နောက်ဆုံးအချိန်မှာ မျက်လုံးတွေဟာ သွေးပုပ်ရောင် ဖြစ်လာတယ်။ ရွှံ့ရည်နစ်ပြီး နာရီပေါင်း ၆၀ ခန့်အကြာမှာတော့ ကယောင်ကတမ်းရေရွတ်ရင်း ကယ်ဆယ်ရေးတွေရဲ့ ရှေ့တင်ပဲ သူမ သေဆုံးသွားခဲ့တယ်။

သူသေဆုံးပြီးမှ ကွန်ကရိပြင်ကို ခွဲထုတ်ပြီး သူမ ခန္ဓာကိုယ်ကို ထုတ်ယူခဲ့ကြတယ်။ အဲဒီအခါကျမှ ဒူးထောက်လျက် ရှိနေတဲ့သူ့ခြေရင်းမှာ သူ့အဒေါ်ရဲ့အလောင်းကိုပါ တွေ့ခဲ့ကြရတယ်။ အိုမေရာရဲ့ မိခင်နဲ့ မောင်လေးတို့ အသက်ရှင်လွတ်မြောက်ခဲ့ပြီး တအိမ်သားလုံး အသက်ဆုံးရှုံးခဲ့ရတယ်။

သူမ မသေခင် နာရီပိုင်း အလိုမှာ ရိုက်ထားတဲ့ ဓါတ်ပုံဆရာ ဖရန့်ခ် ဖော်နီယာ(Frank Fournier) ရဲ့ဓါတ်ပုံဟာ တစ်ကမ္ဘာလုံးကို ကိုင်လှုပ်ခဲ့တယ်။ ဓာတ်ပုံဆရာကိုယ်တိုင်လည်း ဘာအကူအညီမှ မပေးပဲ ဓာတ်ပုံရိုက်ဖို့ပဲသိတယ် ဆိုပြီး အပြစ်တင်ခံခဲ့ရပေမယ့် ရိုက်ကူးထားတဲ့ ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေအရ သူလည်းဘာမှမတတ်နိုင်ခဲ့ဘူးဆိုတာ တွေ့ရပါတယ်။

အစိုးရရဲ့ တာဝန်မဲ့မှု၊ အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်ခြင်း မရှိမှု၊ ကယ်ဆယ်ရေး အစီအစဉ် နှောင့်နေးကြန့်ကြာမှု၊ ကယ်ဆယ်ရေးသမားတွေအတွက် အဓိကလိုအပ်တဲ့ ပစ္စည်းတွေကို ထောက်ပံ့ခြင်း မရှိမှု စတာတွေဟာ ဘွင်းဘွင်းကြီးပေါ်ထွက်လာခဲ့တယ်။

ဒီအဖြစ်အပျက်ကို ဖတ်ရင်းနဲ့ သတိရတာကတော့ နာဂစ်ပါ။ သူတို.ရဲ့လူသေဆုံးမှုက ၂၄၀၀၀။ ကျွန်မတို.ဆီမှာ လူတစ်သိန်းကျော်တယ်။ အိုးမဲ့ အိမ်မဲ့နဲ့ ဘဝပျက်ရတဲ့ လူတွေ ကို ထည့်တွက်ရင်……….. နာဂစ်အတွက် ပြင်ဆင်ရအောင် သေသေချာချာ ကြိုတင်သတိပေးချက်မရှိခဲ့။

ဖြစ်ပြီးတဲ့နောက်ပိုင်း ကယ်ဆယ်မှုကို သေချာအောင် မလုပ်နိုင်ခဲ့။ အရပ်ကူပါ လူဝိုင်းပါ အားလုံး ဝိုင်းလုပ်ပေးခဲ့ရပြီး သွားလှူတာတောင် ဘယ်အဖွဲ.အစည်း ကလူမို.လို ဆိုပြီး လမ်းက ဆီးဖမ်းတာတွေ ရှိခဲ့တယ်။ ကမ္ဘာက အကူအညီပေးမှာကိုလည်း အလိုအပ်ဆုံးအချိန်မှာ လက်မခံပဲ ငြင်းဆန်ခဲ့တယ်။

အပြာရောင်ဖျင်တဲတွေ အလှ ဆောက်ပြထားပြီး လမ်းလျှောက်ကြည့်တဲ့ ဗိုလ်ချုပ်မှူးကြီးကို ဒုက္ခသည်တွေ လက်အုပ်တချီချီနဲ. လုပ်နေရတာ တီဗွီမှာ မြင်လိုက်ပါသေးတယ်။ လူ တစ်သိန်းကျော်သေတာတောင် ရွေးကောက်ပွဲကို ရအောင်လုပ်ခဲ့သေးတယ်လေ။ လူ့အသက်တွေ မသေသင့်ပဲသေခဲ့ရတယ်။ ကျွန်မတို့နိုင်ငံမှာ အိုမေရာတွေ သိန်းနဲ့ချီပြီးရှိနေရော့မယ်။