အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်ကို သိမ်းယူလိုက်ပြီးနောက် စစ်ပွဲပြီးဆုံး အောင်ပွဲရပြီလို့ တာလီဘန်သူပုန်တွေက ကြေညာလိုက်ပါတယ်။
တာလီဘန်သူပုန်တွေက သမ္မတနန်းတော်ကိုလည်း သိမ်း ပိုက်ထားလိုက်ပြီး အာဖဂန်သမ္မတ အဲ့ရှက်ဖ်ဂါနီ တိုင်း ပြည်ကနေ ထွက်ပြေးသွားတာနဲ့ အတူ အာဖဂန်အစိုးရ အဖွဲ့လည်း ပျက်သွားပြီဖြစ်ပါတယ်။
တာလီဘန်ပြောရေးဆိုခွင့်ရှိသူကတော့ အာဖဂန် စစ်ပွဲပြီးဆုံးသွားပြီကြောင်း အယ်လ်ဂျာဇီးယား သတင်းဌာနကနေ ကြေညာလိုက်ပါတယ်။
အာဖဂန်ပြည်သူတွေ အထူးသဖြင့် ကဘူးမြို့မှာနေထိုင်တဲ့ပြည်သူတွေရဲ့ အသက်တွေကို ဘေးကင်းလုံခြုံဖို့ အာ မခံတဲ့အကြောင်းနဲ့ ဘယ်သူ့ကိုမှ လက်စားချေမှာ မဟုတ်ကြောင်းလည်း တာလီဘန်ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီသတင်းဌာနကို ပြောပါတယ်။
ကဘူးလ်မြို့ခံတွေကတော့ ဝရုန်းသုန်းကား ဖြစ်နေပြီး နိုင်ငံခြားသားတွေဟာလည်း အာဖဂန်နိုင်ငံထဲကနေ ထွက်ခွာနိုင်ဖို့ ကြိုးစားနေကြပါတယ်။ ကဘူးလေဆိပ်မှာလည်း လူတွေက လေယာဉ်တွေဆီ အပြေးအလွှားသွားနေကြပါတယ်။
အမေရိကန်သံရုံးဝန်ထမ်းတွေအားလုံးကို ဟာမစ်ခါဇိုင်းလေဆိပ်ဝင်းထဲကို ရွေ့ပြောင်းထားပြီလို့ အမေရိကန်နိုင်ငံခြားရေးဌာနက အစောပိုင်းက ကြေညာထားပြီး လက်နက်ကိုင်တပ်သား ၆၀၀၀ လောက်က ကူညီရွှေ့ပြောင်းပေးနေတယ်လို့ ဆိုပါတယ်။
အာဖဂန်လေဆိပ်မှာ သေနတ်ပစ်သံတွေကြားရအပြီးမှာ ကဘူးလ်အခြေစိုက် အမေရိကန်သံရုံးကလည်း လုံခြုံ ရေး တပ်လှန့်သတိပေးချက်ထုတ်ပြန်ထားပါတယ်။
အာဖဂန်မှာ နှစ်ပေါင်း ၂၀ လောက်အကြာ စစ်ပွဲအပြီး အမေရိကန်ဦးဆောင်တဲ့မဟာမိတ်တပ်တွေ ပြန်ရုပ်သိမ်းသွားပြီးနောက်မှာ တာလီဘန်သူပုန်တွေက အစိုးရတပ်တွေကို ပြန်လည် တိုက်ခိုက် မြို့တွေကို တခုချင်းပြန် လည်သိမ်းယူခဲ့ရာမှာ အခုနောက်ဆုံး မြို့တော် ကဘူးလ်ကို သိမ်းပိုက်နိုင်လိုက်တာ ဖြစ်ပါတယ်။
ဓာတ်ပုံ – အာဖဂန်သမ္မတ Ashraf Ghani တိုင်းပြည်က ထွက်ခွာသွားပြီးနောက် မြို့တော်ကဘူးလ်ရှိ သမ္မတနန်းတော်အတွင်းသို့ တာလီဘန်လက်နက်ကိုင်များ သြဂုတ်လ ၁၅ရက် က ဝင်ရောက် နေရာယူနေသည်ကိုတွေ့ရစဉ်