ဗဟုသုတ

နွေဦးထီ ရောင်းချရာတွင် ငွေလွှဲပြောင်းမှုများကို စိစစ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် ဘဏ်များနှင့်ငွေကြေးဝန်ဆောင်သူများကို စကစညွှန်ကြား

ပြည်သူလူထု တခဲနက် အားပေးနေသည့် အောင်လံလွှင့်ချီ နွေဦးထီ ရောင်းချရာတွင် ငွေလွှဲပြောင်းမှုများကို စိစစ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် ဘဏ်များနှင့်ငွေကြေးဝန်ဆောင်သူများကို စစ်ကောင်စီက ညွှန်ကြား

ရန်ကုန်၊ ဩဂုတ် ၁၆

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ရောင်းချသည့် အောင်လံလွှင့်ချီ နွေဦးထီကို ပြည်သူလူထုက တခဲနက်အားပေးလျှက်ရှိပြီး ယင်းထီရောင်းချမှုနှင့် ပတ်သက်သည့် ငွေလွှဲပြောင်းမှုများကို စိစစ်ဖော်ထုတ်နိုင်ရန်အတွက်ညှိနှိုင်းဆောင်ရွက်ရန် ဘဏ်များအားလုံး၊ ငွေရေးကြေးရေးကုမ္ပဏီများနှင့် မိုဘိုင်းငွေကြေး ဝန်ဆောင်မှုပေးသူများကို စစ်ကောင်စီ၊ ဗဟိုဘဏ် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း ဘဏ်အသိုင်းအဝိုင်းက ရန်ကုန်ခေတ်သစ်သို့ သတင်းပေးပို့သည်။

ဩဂုတ်လ ၁၃ ရက်နေ့ ထုတ်ပြန်သော အဆိုပါ ညွှန်ကြားချက်တွင် အောင်လံလွှင့်ချီ နွေဦးထီသည် အွန်လိုင်းမှတစ်ဆင့် ထီရောင်းချခြင်းနှင့် ဆုငွေထုတ်ပေးခြင်းတို့ကို ဘဏ်များ၏ အွန်လိုင်းဘဏ်စနစ်၊ ငွေလွှဲစနစ်များ၊ ဒီဂျစ်တယ် Payment များဖြင့် ဆောင်ရွက်လာနိုင်ကြောင်း ၊ ထို့ကြောင့် ဘဏ်များ၊ ငွေရေးကြေးရေး ဝန်ဆောင်သူများအနေဖြင့် နေ့စဉ် ငွေလွှဲပြောင်းဆောင်ရွက်မှုများကို တိကျစွာ တင်ပြရန် စစ်ကောင်စီ၏ ညွှန်ကြားချက်တွင်ရေးသားထားသည်။

ဩဂုတ်လ ၁၅ ရက်နေ့ တွင် စတင်ရောင်းချသည့် NUG အစိုးရ၏ အောင်လံလွှင့်ချီ နွေဦးထီသည် ဝယ်ယူမရသည်အထိ ရောင်းချနိုင်ခဲ့ပြီး ထီစောင်ရေ ၅၀၀၀၀ ရောင်းချရသည်ဟု NUG ၏ တရားဝင် ထုတ်ပြန်ပြောဆိုချက်အရသိရှိရသည်။