News

အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် စစ်ကောင်စီက ဦးဆောင်မည်ဆိုသည့်အတွက် အလှူငွေအချို့ ပြန်တောင်းခံရ

ဧရာဝတီတိုင်း ငပုတောမြို့နယ်တွင် ပြည်သူအများထည့်၀င်ထားသည့် အလှူငွေဖြင့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် စီစဉ်ထားခြင်းအပေါ် စစ်ကောင်စီက ၀င်ရောက်ဦးဆောင် တည်ဆောက်မည်ဆိုသည့်အတွက် အလှူငွေအချို့ ပြန်တောင်းခံနေရကြောင်း သိရသည်။

ငပုတောမြို့သူမြို့သားများမှ စိန်ပန်းကျောင်းတိုက်ဆရာတော်ဦးဆောင်မှုနှင့် တည်ဆောက်မည့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးကို စစ်ကောင်စီရဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ချုပ်ကိုင်ခဲ့ပြီး စစ်ကောင်စီအကြိုက် အဖွဲ့ဝင်အများစုနဲ့ ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းလိုက်ခြင်းအတွက်ကြောင့် အလှူရှင်တစ်ချို့က အလှူငွေတွေကို ပြန်လည်းတောင်းခံမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

“သူကြီးဘုရား ရွာသားကောင်းမှုလုပ်ချင်နေတာ၊ စက်ရုံစတည်ဆောက်ဖို့ကိစ္စက သူတို့လုပ်တာလည်းမဟုတ်ဘူး။ အလှူငွေတွေ ရလာပြီဆိုမှ သူတို့ပဲ လုပ်သလိုလိုနဲ့ ဝင်ပြီးတော့ နေရာယူပစ်တာ။ သူတို့ကပဲ ဦးဆောင်တာမျိုးကျ လက်မခံနိုင်ဘူးလေ၊ အောက်ဆီဂျင်တွေကို အပိုင်စီးတာလဲ သူတို့ပဲ။ အခုမှ သူတို့ကပဲ အကုန်လုပ်ပေးနေသလိုလိုနဲ့ လုပ်တာကို လက်မခံနိုင်ဘူး။အလှူငွေပြန်ပေးဖို့ ပြောထားတယ်”ဟုဒေသခံတစ်ဦးက ဆိုသည်။

တည်ဆောက်ရေးကော်မတီကို ဌာနဆိုင်ရာများ၊ မြို့ပေါ်လုပ်ငန်းရှင်များနှင့် ပရဟိတအဖွဲ့အချို့ကို ထည့်သွင်း ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အောက်ဆီဂျင်စက်ဝယ်ယူ နိုင်ရန်အတွက် အလှူငွေ ပြည့်မှီခြင်း မရှိသေးသည့်အချိန်တွင် အောက်ဆီဂျင်စက် ထားရှိရန် နေရာအဆောက်အဦအတွက် ကြိုတင် ပြင်ဆင်နေကြခြင်းဖြစ်သည်။