မင်းတပ် – ဩဂုတ် ၁၅
ချင်းပြည်နယ် ၊ မင်းတပ်မြို့တွင် ယမန့်နေ့ ဩဂုတ်၁၄ရက်နေ့က စစ်ကောင်စီတပ်များနှင့်CDF (မင်းတပ်) အဖွဲ့ တို့ နေရာသုံးခုတွင်ထိတွေ့ တိုက်ခိုက်မှုဖြစ်ပြီး ၊စစ်ကောင်စီတပ်ဘက်မှ ခုနှစ်ဦးသေဆုံးကာ ဒဏ်ရာရသူများရှိခဲ့ကြောင်း သိရသည်။
မင်းတပ် CDF ရဲဘော်များဘက်မှဒဏ်ရာရရှိသူအနည်းအငယ်သာရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
”မြို့ထဲမှာတော့ နေ့ရော၊ညရောစကစတွေသွားလာလှုပ်ရှားနေကြတယ်။အခု မင်းတပ်နှင့်အနီးအနားတွေမှာတောင် သူတို့တွေလက်နက်ကြီးတွေဆင်ထားကြတယ်။
အရေးအကြောင်းရှိလို့ အပြင်သွားမယ်ဆိုရင်တောင်ကြောက်နေကြရတယ်။ ဖုန်းတွေစစ်ပြီးလူငယ်တွေဆိုရင် တစ်ခါထဲဖမ်းပြီး (၂၇၄) တပ်ရင်းထဲကို ခေါ်သွားကြတာပဲ။မင်းတပ်အနီးအနားကရွာတွေကရွာသားတွေဆိုရင်လည်း လမ်းပြ ဒါမှမဟုတ်ရင်သူတို့ပစ္စည်းတွေသယ်ခိုင်းကြတယ်။အခုဆိုရင် မြို့ပေါ်ပြန်လာတဲ့သူတွေတောင်ကြောက်ပြီးရွာတွေဖက်ကိုပြန်ပြေးနေကြပြီ”ဟု မင်းတပ်မြို့ဒေသခံတစ်ဦးကပြောသည်။
လက်ရှိမင်းတပ်မြို့နယ် အမှတ် (၃) ဒေသတောင်ကြော တွင်နှစ်ဘက် ထိတွေ့ တိုက်ပွဲ များ ဖြစ်ခဲ့ပြီး၊မင်းတပ်မြို့နယ် အမှတ် (၁) ဘက်တွင်လည်း စစ်ကောင်စီဘက်မှ စစ်ရေးလှုပ်ရှားမှုများ အရှိန်မြှင့် လုပ်ဆောင်နေကြောင်းသိရသည်။ မင်းတပ် – မတူပီ လမ်း မိုင်တိုင်အမှတ် (၅) ပတ်ဝန်းကျင်တွင် စစ်ကောင်စီမှ လက်နက်ကြီးများ အထိုင်ချ၍ တပ်ဆင် ပစ်ခတ် နေပြီးစစ်အင်အား ထပ်မံတိုးချဲ့ ဖြန့်ကျက် ထားကြောင်းသိရသည်။