မော်လမြိုင် ၊ ဩဂုတ် ၁၄
မော်လမြိုင်တက္ကသိုလ် အောင်စာရင်း ထုတ်ပြန်ဖို့ အာဏာသိမ်း စစ်ကောင်စီက သြဂုတ် ၁၅ ရက်နေ့ နောက်ဆုံးထားပြီး အောင်စာရင်းတွေ ပေးပို့ကြဖို့ ဖိအားပေးတောင်းဆိုလာတယ်လို့ မော်လမြိုင် တက္ကသိုလ် Non CDM ဆရာ၊ ဆရာမတွေထံက သိရပါတယ်။
ဒီတက္ကသိုလ် အောင်စာရင်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မရမက ဖွင့်လှစ်ခဲ့တဲ့ ပါရဂူ ဘွဲ့အကြို၊ မဟာတန်း၊ ပဉ္စမနှစ်၊ စတုတ္ထနှစ်နဲ့ ဂုဏ်ထူးတန်းတွေအတွက် ထုတ်ပြန်မယ့် အောင်စာရင်းလည်း ဖြစ်ပါတယ်။
“အခုက အောင်စာရင်းတွေကို သြဂုတ် (၁၅)ရက်နေ့ နောက်ဆုံးတောင်းလို့ တချို့ဆရာ၊ ဆရာမတွေ ပိတ်ရက်မှာ သွားလုပ်ပေး နေရတယ်”လို့ မော်လမြိုင် တက္ကသိုလ် Non CDM ဆရာမတစ်ဦးက ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ တက္ကသိုလ်ပြန်တက်တဲ့ ကျောင်းသားတွေရဲ့ အဖြေလွှာတွေကို မအောင်မနေရ ပုံစံမျိုး စစ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။
“စာမေးပွဲ ဖြေပြီးကတည်းက လူကြီးတွေက အခုတက်တဲ့ ကျောင်းသား ကျောင်းသူတွေကို စံနမူနာပုံစံ ထားနိုင်ဖို့ အတွက် အကုန်လုံးကို မအောင်မနေရ ပုံစံ အဖြေလွှာတွေကို စစ်ခိုင်းခဲ့တာ၊ တချို့ဆို စာလေး ပါယုံလောက်ပဲ ရှိတယ်၊ အဲ့တာကို အမှတ်တိုးပြီး အောင်ပေးလိုက်ရ တာတွေရှိတယ်” မော်လမြိုင် တက္ကသိုလ် Non CDM ဆရာတစ်ဦးက ပြောပါတယ်။
မော်လမြိုင်တက္ကသိုလ်ကိုတော့ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသား ၄၀၀ ကျော် တက်ရောက်ခဲ့ပြီး ရာခိုင်နှုန်းအနေနဲ့ ၂၀ ရာခိုင်နှုန်းလောက်သာ ကျောင်းပြန်တက်ခဲ့တာ ဖြစ်ပါတယ်။
မော်လမြိုင်တက္ကသိုလ်အောင်စာရင်း ထုတ်ပြန်မယ့် ကိစ္စရပ်ကို မော်လမြိုင်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့က အသိမှတ်ပြုမှာ မဟုတ်ဘူးလို့ ဒီကနေ့ သြဂုတ် ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
သတင်း- သံလွင်တိုင်းမ်