ရွှေဖီမြေ၊ ဩဂုတ် ၁၃ ရက်၊ လားရှိုး
တရုတ်နိုင်ငံ ဝမ်တိန်မြို့ထဲ ကျည်တွေ ကျရောက်ခဲ့ပြီး အခုလိုမျိုးဖြစ်စဥ် ထပ်မံ ဖြစ်ပွားနေရင် လက်တုံ့ပြန်သွားမယ်လို့ တရုတ်နိုင်ငံက ပေးပို့တဲ့ အကြောင်းကြားစာထဲမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ဝမ်တိန်မြို့ထဲ ကျရောက်ခဲ့တဲ့ ကျည်ဆံဟာ ၎င်းတို့ ပစ်ခတ်လိုက်တဲ့ ကျည်ဆံ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။
တရုတ်နိုင်ငံဘက်က ပေးပို့တဲ့ စာမှာတော့ ဩဂုတ် ၄ ရက်က အမြောက်ကျည်ဆံတစ်လုံးနဲ့ ဩဂုတ် ၆ ရက်က ကျည်ဆံတစ်တောင့် ဝမ်တိန်မြို့ထဲ ကျရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဩဂုတ် ၄ ရက်နဲ့ ၆ ရက်က စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA)တို့အကြား မူဆယ်မြို့နယ် ကြူကုတ်ပန်ဆိုင်းမြို့မှာ တိုက်ပွဲဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။
တိုက်ပွဲကြောင့် ဒေသခံ အိမ်ထောင်စု (၂၀၀)ကျော်ကလည်း လယ်ယာ၊ တောနဲ့ နယ်စပ်တစ်လျှောက်မှာ မိုးကာတဲထိုးပြီး တိမ်းရှောင်နေကြရပါတယ်။
Shwe Phyee Myay News