ဗဟုသုတ

အသက်အငယ်ဆုံး ကိုဗစ် ကူညီကယ်ဆယ်ရေးသမား မောင်ထွန်းလင်းနိုင် (ရုပ်သံ)

(ရုပ်သံဖိုင်ကို အောက်တွင်ကြည့်ရှုပါရန်)

ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ် မေတ္တာသင်္ဂဟနာရေးကူညီမှုအသင်းရုံးရှေ့မှာ နာရေးတစ်ခုကို သွားကူညီဖို့ ပြင်ဆင်နေတဲ့ အသင်းသားတွေနဲ့အတူ မောင်ထွန်းလင်းနိုင်လည်း အလုပ်များနေပါတယ်။

ကလေးတစ်ယောက်ဖြစ်ပေမဲ့ ရုပ်အလောင်းတွေကိုသယ်ဖို့၊ နာရေးတွေကို အကြောက်အလန့်မရှိဘဲ တက်တက် ကြွကြွနဲ့ ကူညီပေးဖို့ အသင့်ရှိနေပါတယ်။

ပရဟိတအနေနဲ့ နာရေးလိုက်ကူညီနေတဲ့အထဲမှာတော့ သူက အသက် ၁၃ နှစ်အရွယ် အသက်အငယ်ဆုံးပါ။

နာရေးတွေကို စပြီးကူညီတုန်းက ကြောက်စိတ်ရှိခဲ့ပေမဲ့ အခုချိန်မှာမကြောက်တော့ဘဲ သေဆုံးသွားသူအတွက် ငိုနေတဲ့မိသားစုဝင်တွေ၊ သေဆုံးသူတွေများလို့ ပုံနေတာတွေကိုမြင်ပြီး မောင်ထွန်းလင်းနိုင် တစ်ယောက် စိတ်မကောင်းဖြစ်ရပါတယ်။

“ပထမသယ်တုန်းက ကြောက်တာ။ နောက်ပိုင်းသယ်တာများတော့ မကြောက်တော့ဘူး။ စိတ်မကောင်း ဖြစ်တယ်။ နာရေးအိမ်ကလူတွေ ငိုတာမြင်တော့ စိတ်မကောင်းဖြစ်တယ်။ နောက်ပိုင်းတော့ မဖြစ်တော့ ဘူး”

မောင်ထွန်းလင်းနိုင်တစ်ယောက် အလောင်းကိုစသယ်ချိန်တုန်းက သူဝတ်ထားရတဲ့ PPE ဝတ်စုံကနေ ထွက်လာတဲ့ ချွေးရဲ့အငွေ့တွေဟာ ကိုဗစ်မကူးစက်အောင် အကာကွယ်ယူထားတဲ့မျက်မှန်ကို ဖုံးနေတာ ကြောင့် အရှေ့ကိုသေချာ မမြင်နိုင်ဘဲဖြစ်နေခဲ့ပါတယ်။

အခေါင်း ခေါင်းရင်းပိုင်းမှာ သေဆုံးသူရဲ့မျက်နှာကို ကြည့်လို့ရအောင် အပေါက်ဖောက်ထားတာရှိပါတယ်။

သုသာန်ကိုရောက်တဲ့အချိန် ကားဘရိတ်အုပ်ချိန်မှာ ကားပေါ်ကဆင်းဖို့ပြင်နေတဲ့ မောင်ထွန်းလင်းနိုင်ဟာ အရှိန်လွန်ပြီး အဲဒီအခေါင်းအပေါက်ထဲကို ခြေထောက်ဝင်သွားတာကြောင့် ထိတ်လန့်ခဲ့ရတဲ့အချိန်လည်း ရှိခဲ့ဖူးပါတယ်။

“တက်နင်းမိတော့ ကြောက်တယ်။ ကားရပ်လိုက်တော့ မျက်မှန်က အငွေ့ရိုက်လိုက်တော့ ဝါးနေတယ်။ ဆင်းမယ်လုပ်တော့ အခေါင်းအဖုံးကို တက်နင်းမိတယ်။ အလောင်းမျက်နှာကို၊ လန့်သွားတာ။ ကြောက် စရာကြီး ဖြစ်သွားတာပေါ့”

ဒီအသင်းရုံးရှိတဲ့ အရှေ့ဒဂုံမြို့နယ် (၁၁) ရပ်ကွက်ထဲက ကျုးကျော်တန်းလေးမှာ မောင်ထွန်းလင်းနိုင်တို့ မိသားစုနေပါတယ်။

သူ့မိဘတွေက ကလေးကျောင်းထားပေးဖို့အတွက် မေတ္တာသင်္ဂဟလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမင်းဒင်းဆီမှာ အကူညီတောင်းပြီး ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှာ ပို့ထားပေးခဲ့ပါတယ်။

အသင်းဥက္ကဋ္ဌ ဦးမင်းဒင် ကလည်း မွေးစားသားအနေနဲ့ သတ်မှတ်ပြီး သူ့ပညာရေးအတွက် တာဝန်ယူ၊ သူဝါသနာပါတဲ့အလုပ်ကို လုပ်ခွင့်ပေးဖို့ စဉ်းစားထားသူပါ။

ပြီးခဲ့တဲ့လပိုင်းက ကျောင်းဖွင့်ချိန်မှာတော့ ၆ တန်း တက်ခဲ့ပါတယ်။

မောင်ထွန်းလင်းနိုင်ကို အသင်းရုံးမှာ ရုံးစောင့်အနေနဲ့ ထားတာကနေ ကိုဗစ်တတိယလှိုင်းကြောင့် ရန်ကုန်မှာ သေဆုံးသူတွေများလာပြီး အသင်း သားတွေ အလုပ်ပင်ပန်းလာချိန်၊ ကျောင်းတွေလည်း ပိတ်လိုက်ချိန်မှာမှာ မောင်ထွန်းလင်းနိုင် နာရေး ကူညီတဲ့လုပ်ငန်းတွေကို တစိုက်မတ်မတ် ပါဝင်ကူညီလာပါတယ်။

ဦးမင်းဒင် (ဥက္ကဋ္ဌ – မေတ္တာသင်္ဂဟနာရေးကူညီမှုအသင်း)

“ဒီကိစ္စတွေက အန္တရာယ်အရမ်းများတယ်လေ။ အရမ်းအခြေအနေဆိုးတဲ့ အချိန်မှာ စေတနာ့ဝန်ထမ်းက တော်တော်လိုတာဗျ။

လိုလာတဲ့အခါကျတော့ သူကိုယ်တိုင်ကလည်း ဝါသနာပါတယ်။ အကြောက်လန့်လည်း မရှိတဲ့အခါ ကျတော့ သူ့ကိုပါခွင့်ပေးလိုက်တယ်။ ဝတ်တာလည်း စနစ်ကျတယ်။

တစ်ခါ တလေကျရင် လူကြီးတွေ ချွတ်ယွင်းချက်ရှိရင်တောင် သူ့မှာ ပုံမှန်လေးလုပ် နေကြပဲ။ တတိယလှိုင်း စစချင်းတုန်းက မလိုက်သေးဘူးဗျ။

ပြန်လာတဲ့သူ တွေကို ဒီထဲကိုဝင်လာတာနဲ့ ပိုးသတ်ဆေးဖြန်းပေးတယ်။ ချွတ်တာတွေ လုပ်ပေးတယ်။ လုပ်ရင်းနဲ့ လူလိုလာတဲ့အခါ တစ်ခါတလေ နှစ်ယောက်တည်း၊ သုံးယောက်တည်းသွားရ တာရှိတယ်။

တဖြည်းဖြည်းနဲ့ သူကပါ တောက်လျှောက်လိုက်လာတာပေါ့။ ၁၈၊ ၁၉၊ ၂၀ အရမ်းပြင်းထန် လာတဲ့အချိန်မှာတော့ သူ့ကိုလည်း ဂရုမစိုက်နိုင်တော့ဘူး။

သူကလည်း ပုံမှန်သွားနေတာဆိုတော့လေ။ အန္တရာယ်လည်းမရှိဘူးဆိုတော့၊ တချို့လူလတ်ပိုင်းတွေတောင်မှ ငါးရက်လောက်လိုက်ပြီးရင် သုံးရက် လောက်နားရတယ်။

ဖျားသွားတာ။ ဒီကလေးကျတော့ တောက်လျှောက်၊ သေဆုံးမှုမြင့်တဲ့အချိန်ကနေ အခုချိန်အထိ တစ်ချက်လေးမှ မလျှော့ဘူး”

မေတ္တာသင်္ဂဟအသင်းမှာ မောင်ထွန်းလင်းနိုင်ကို ရုံးတွင်းကိစ္စတွေမှာလည်း အတော်အားကိုးရတာကို တွေ့ရ ပါတယ်။

အသင်းရုံးမှာ ဘယ်နေရာမှာ ဘာရှိတယ်၊ ဘယ်ပစ္စည်းတွေရှိတယ်၊ ပစ္စည်းတွေ ဘယ်လောက် ကျန်သေးတယ်ဆိုတာကအစ သူသိထားပါတယ်။

နာရေးလိုက်ပို့ဖို့ လိုတဲ့အခါမှာလည်း လုပ်ဖို့လိုအပ်တဲ့လုပ်ငန်းစဉ်းတွေ၊ PPE ဝတ်ပုံဝတ်နည်းတွေကို သီးသန့် သင်ရတာမရှိဘဲ အမြင်နဲ့တင် သူက နားလည်နေတဲ့အတွက် သူ့ဘာသာသူ ဦးဆောင်လုပ်သွားနိုင်ပါတယ်။

နာရေးလိုက်ကူညီတဲ့အခါမှာလည်း ရုပ်အလောင်းတွေကို မနိုင့်တနိုင်ကူသယ်တာမျိုး၊ သူမသယ်ရတဲ့အခါ မှာလည်း အလောင်းသယ်ပြီးတဲ့အသင်းသားတွေကို ပိုးသတ်ဆေးဖြန်းပေးတာတဖုံ သူနိုင်တဲ့နေရာကနေ ကူညီနေတာပါ။

ပရဟိတစိတ်ဓာတ်နဲ့ စိတ်အား၊ ကိုယ်အားအပြည့်ဝကူညီနေတဲ့ မောင်ထွန်းလင်းနိုင်ဟာ ပင်ပန်းချိန်မှာ ညဉ်းညူပေမဲ့ အသင်းရုံးရောက်ရင်တော့ အသင်းသားတွေနဲ့ပေါ့ပေါ့ပါးပါး ပြန်ဖြစ်သွားပါတယ်။

ကိုသဲဦး (မေတ္တာသင်္ဂဟနာရေးကူညီမှုအသင်းဝင်)

“အခက်ခဲအနေနဲ့ကတော့ ဘာမှမရှိဘူးဗျ။ တစ်ခါတလေ သယ်ရတာဝေးတော့ ကလေးဆိုတော့ ဒဏ်မခံ နိုင်ဘူး။

အဲအခါကျရင်တော့ နည်းနည်းပါးပါးတော့ညည်းတယ်။ သူ့လည်း သိပ်မသယ်ခိုင်းပါဘူး။ ဝေးတဲ့ နေရာတွေကျရင် လူကြီးတွေများရင်တော့ အဆင်ပြေတာပေါ့ဗျာ။

ဟိုရက်တွေကတော့ မများဘူးလေ။ တစ်ခါသွား နှစ်ယောက် သုံးယောက်နဲ့ဆိုတော့ နည်းနည်းပင်ပန်းတော့ နည်းနည်းညည်းတာပေါ့ ကလေး ဆိုတော့။ ညည်းတာပါပဲ ရုံးရောက်ရင် တဟီးဟီးနဲ့ ရုံးရောက်ရင်ကြည့်လိုက်”

မောင်ထွန်းလင်းနိုင်ဟာ ဒီပရဟိတအသင်းရုံးကို ရောက်ပြီးနောက်ပိုင်း အိမ်သိပ်မပြန်ဖြစ်တော့ပါဘူး။

တချို့ရက်တွေ အသင်းရုံးမှာ အလုပ်ပြီးတဲ့အချိန် ကျူးကျော်တန်းလေးထဲမှာရှိတဲ့ သူ့အိမ်လေးကို ခဏပြန်ဖြစ်ပါတယ်။ သူ့မိသားစုကလည်း ကျူးကျော်ဖြစ်တဲ့အတွက် အိမ်နေရာပြောင်းရတာလည်း ခဏခဏပါပဲ။

သူက မောင်နှမလေးယောက်မှာ အစ်ကိုအကြီးဆုံးဖြစ်ပြီး ညီနှစ်ယောက်နဲ့ ညီမတစ်ယောက်ရှိပါတယ်။

အဖေဖြစ်သူက ယခင်က သံပန်းလုပ်ပြီး ကပ်ရောဂါတွေ ပျံ့လာတာ၊ အလုပ်လုပ်ရင်း မျက်စိနာတာကြောင့် အလုပ်နားထားရပါတယ်။ အမေကတော့ ပန်းရံအပါဝင် ကြုံရာကျပန်းလုပ်ပါတယ်။

မိသားစုဆင်းရဲပေမဲ့ သားသမီးတွေရဲ့ ပညာရေးကိုတော့ လုပ်ပေးနိုင်သလောက်လုပ်ပေးကြဖို့ မိဘတွေက ရည်ရွယ်ထားကြပါတယ်။

ရောဂါတွေ ကူးစက်၊ သေဆုံးချိန်မှာ သားကြီးဖြစ်သူက နာရေးတွေ လိုက်ကူညီ နေတာကို စိတ်ပူပေမယ့် သူ့ဝါသနာအရ ခွင့်ပြုပေးခဲ့ကြပါတယ်။

ဒေါ်စိမ့်လဲ့မွန် (မောင်ထွန်းလင်းနိုင်မိခင်)

“မနက်တစ်ခေါက် ညနေတစ်ခေါက်တော့ သူ့ဆီကိုရောက်တယ်။ သွားသွားတော့ကြည့်တယ်။

နှာခေါင်း စည်း ဘာညာတပ်၊ ပြန်လာရင်လက်တွေဆေး၊ စိတ်တော့ စိတ်မချဘူးပေါ့။

ကိုယ့်သားသမီးဆိုတော့လည်း သူများတွေဖြစ်နေတော့ သူ့ကိုလည်းဖြစ်မှာစိုးလို့၊ သွားသွားမေးတော့ ကျန်းမာရေးကောင်းကောင်းနေ တော့ ကိစ္စတော့မရှိဘူး။

သူတို့နဲ့ လုပ်တဲ့သူတွေကလည်း Mask တွေ သေချာတပ်၊ PPE တွေ ဝတ်ဆိုတော့ စိတ်ချရသေးတာပေါ့”

ဦးကျော်ကြီး (မောင်ထွန်းလင်းနိုင်ဖခင်)

“ကျနော်ကတော့ ဒီလိုပုံလေးတွေ့ရတာ ဂုဏ်ယူပါတယ်။ ပရဟိတလည်းဖြစ်တယ်။ ကုသိုလ်လည်း ရတယ်”

မောင်ထွန်းလင်းနိုင်ဟာ စက်ပစ္စည်းတွေ ပြုပြင်ရတာ စိတ်ဝင်စားပြီး တစ်ဖက်မှာလည်း ပရဟိတအလုပ် အပေါ်မှာ ဝါသနာပါသူပါ။

သူက အရွယ်ရောက်လာရင်လည်း ပရဟိတလုပ်မယ်လို့ ရည်ရွယ်ထားပါတယ်။

သူ့အုပ်ထိန်းသူဖြစ်တဲ့ ဦးမင်းဒင်က ဒီအရွယ်မှာ ကျောင်းပညာရေးနဲ့ အတတ်ပညာတစ်ခုခုကို သေချာသင်ယူပြီးမှ သူ့ဝါသနာအရ လုပ်ချင်တာကို လုပ်ခွင့်ပေးဖို့ စဉ်းစားပေးထားပါတယ်။

အခုချိန်မှာတော့ မောင်ထွန်းလင်းနိုင်ဟာ အသင်းရုံးက အသင်းသားတွေနဲ့အတူ နာရေးတွေကို လိုက်ပါ ကူညီရင်း သူ့ရဲ့တစ်နေ့တာအချိန်တွေကို ဖြတ်သန်းနေပါတော့တယ်။

၆ တန်းကျောင်းသားလေးဖြစ်ပေမယ့် အရွယ်နဲ့မလိုက်အောင် ပရဟိတအလုပ်တွေကိုနေ့စဉ်ရက်ဆက်လုပ်ကိုင်နေတဲ့ စေတနာ့၀န်ထမ်းလေးတစ်ဦး

လက်ရှိမှာ Covid 19တတိယလှိုင်း ကူးစက်မှုတွေကြောင့် မြန်မာပြည်အတွင်း သေဆုံးသူလူနာများ တစ်နေ့ပြီးတစ်နေ့ ပိုမို များပြားလာနေပြီ ဖြစ်ပါတယ်။

အခုလို ကိုဗစ်လူနာတွေအတွက် ရှေ့တန်းကနေကူညီပေးနေကြတဲ့သူတွေကတော့ ပရဟိတအဖွဲ့အစည်းတွေပဲဖြစ်ပါတယ်။

ပရဟိတလူငယ်လေးတွေဟာ ကိုယ့်အတွက်ကိုယ်တောင်မငဲ့ပဲ ကိုဗစ်လူနာတွေကို ကူညီကယ်တင်ပေးနေကြတာကို ပရိသတ်တွေလည်း မြင်ကြမယ်ထင်ပါတယ်။

ပရဟိတအလုပ်တွေကို အင်တိုက်အားတိုက်ကူညီပေးနေကြတဲ့သူတွေထဲမှာ သံဃာတော်တွေလည်းပါ၀င်ကြသလို ခရစ်ယာန်သာသနာပြု sister ကြီးတွေအထိပါ၀င်ကူညီနေကြတာကိုတွေ့ရပါတယ်။

အခုလိုကူညီပေးနေကြတဲ့သူတွေထဲမှာ အသက်၁၄နှစ်အရွယ် ဆဌမတန်းကျောင်းသားလေးဖြစ်တဲ့ မောင်ထွန်းလင်းနိုင်ကတော့ အသက်အငယ်ဆုံးစေတနာ့၀န်ထမ်းလေးပဲဖြစ်ပါတယ်။

မောင်ထွန်းလင်းနိုင်ဟာ အရှေ့ဒဂုံမြို့နယ်ရှိ ကျူးကျော်ရပ်ကွက်တခုတွင် နေထိုင်သူဖြစ်ပြီး မိဘများမှာကျပန်းအလုပ် လုပ်ကိုင်ကြကာ မောင်နှမလေးယောက်အနက် အကြီးဆုံးဖြစ်ပါတယ်။

မောင်ထွန်းလင်းနိုင်ဟာ ပရဟိတလူမှုကယ်ဆယ်ရေးလုပ်ငန်းများတွင် စိတ်အားတက်ကြွစွာ ပါဝင်ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် မေတ္တာသဂ်ဟအသင်း၏ အသက်ငယ်ဆုံး စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်လာခဲ့တယ်လို့သိရပါတယ်။

ပရိသတ်တွေအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။