ဗဟုသုတ

ကိုဗစ်ကာကွယ်ဆေး ပြည်ပနိုင်ငံများမှသာ ဝယ်ယူနေရမည်ဆိုလျှင် တိုင်းပြည်မွဲသွားမှာဖြစ်ကြောင်း စစ်ခေါင်းဆောင် ပြော

မြန်မာပြည်သူ လူပေါင်း သန်း ၅၀ ကျော်အတွက် ကိုဗစ်ရောဂါ ကာကွယ်၊ ကုသဆေးများအား တစ်ချိန်လုံး ပြည်ပနိုင်ငံများမှသာ ဝယ်ယူနေရမည်ဆိုပါက တိုင်းပြည်မွဲသွားနိုင်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ကိုဗစ်ရောဂါ ကာကွယ်၊ ကုသရေး ခုနှစ်ကြိမ်မြောက် အစည်းအဝေးတွင် အာဏာသိမ်း စစ်ခေါင်းဆောင်က ယင်းကဲ့သို့ ပြောကြားခဲ့ကြောင်း ယနေ့ထုတ် စစ်ကောင်စီသတင်းတွင် ဖော်ပြထားသည်။

“အနာဂတ်မှာ ကာကွယ်ဆေးရော၊ ကုသဆေးရော ကျွန်တော်တို့ ထုတ်ကိုထုတ်ရမယ်။ ဒါပြည်တွင်းမှာ ကျွန်တော်တို့ မလုပ်လို့မရဘူး။ လူသန်းပေါင်း ၅၀ ကျော်လောက်ဟာကို တစ်ချိန်လုံး နိုင်ငံခြားက ဝယ်ဖို့ဆိုတာကတော့ တိုင်းပြည်မွဲသွားလိမ့်မယ်။ အဲဒီတော့ ကျွန်တော်တို့ဆီမှာ ထုတ်လို့ရအောင် ကြိုးစားရမယ်” လို့ စစ်ခေါင်းဆောင်က ပြောသည်။

ကိုဗစ်ကာကွယ်ဆေးနှင့် ကုသဆေးများ ပြည်တွင်း၌သာ မဖြစ်မနေ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း စစ်ခေါင်းဆောင်မှ ပြောသည်။

ကိုဗစ်ကာကွယ်ဆေးများအား ဆေးဖက်ဝင်အပင်၊ သစ်ဥ၊ သစ်ဖုများနှင့် တိုင်းရင်းဆေးများကို အသုံးပြုပြီး သုတေသနပြုလုပ် စမ်းသပ်ကာ ပြည်တွင်း ကိုဗစ်ကာကွယ်ဆေး ဖော်စပ်ကြရန် ပြီးခဲ့သည့် ရက်ပိုင်းတွင် တိုက်တွန်းခဲ့သည်။

မြန်မာ့တိုင်းရင်းဆေးနဲ့ ကိုဗစ်ကာကွယ်ဆေး၊ ကုသဆေး ထုတ်လုပ်ရာတွင် တိုင်းရင်းဆေးများအားခေတ်သစ်နည်း ပညာနဲ့ ပေါင်းစပ်ကာ ပြည်နယ်နဲ့ တိုင်းဒေသကြီးရှိ တိုင်းရင်းဆေးပညာ ရှင်တွေနဲ့ တွေ့ဆုံ ညှိနှိုင်း၍ နည်းစနစ်တကျ ဖော်ထုတ်ဆောင်ရွက်သွားပါက ကာကွယ်ဆေးထုတ်၍ ရနိုင်သည့်အခြေအနေ ရှိ‌ကြောင်းစစ်ခေါင်းဆောင်က ပြောသည်။

စစ်ကောင်စီမှ ထိုးနှံပေးသည့် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးများအား ပြည်နယ်တချို့တွင် ထိုးနှံနေကြ‌ သော်လည်း ထိုးနှံ့ရန် စိုးရွံ့ ငြင်းဆန်နေသူများလည်းရှိနေသည်။