News

“နာဂတောင်တန်းဒေသရဲ့ မီးအိမ်ရှင် ဆရာဝန်ကြီး နာဂသိန်းလှိုင် ယနေ့မနက် ကွယ်လွန်”

နာဂတောင်တန်းဒေသမှာ ခြောက်နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီး နာဂသိန်းလှိုင်လို့ ကျော်ကြားတဲ့ ဆရာဝန်ကြီး ဒေါက်တာနာဂသိန်းလှိုင်ဟာ ယနေ့ သြဂုတ် ၁၀ ရက်မနက်ပိုင်းမှာ ကွယ်လွန်သွားတယ်လို့ ၎င်းရဲ့ သားဖြစ်သူက လူမှုကွန်ရက်မှာရေးသားထားပါတယ်။

ဒေါက်တာ နာဂသိန်းလှိုင်ဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ နာဂတောင်တန်းဒေသမှာ ကိုယ်ကျိုးစွန့်အနစ်နာခံပြီးတာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် နာဂလူမျိုးတွေကိုယ်စား နာဂဒေသဦးစီးအဖွဲ့က ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလတုန်းက လဟယ်မြို့မှာကျင်းပတဲ့နာဂနှစ်သစ်ကူးပွဲတော်မှာ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်ခဲ့ပါတယ်။

ဆရာကြီး နာဂသိန်းလှိုင်ဟာ နာဂဒေသမှာ ၁၉၆၅ ခုနှစ်ကနေ ၁၉၇၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး နာဂဒေသမှာအဖြစ်များတဲ့ လည်ပင်ကြီးရောဂါသည်များစွာကိုအောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပါတယ်။

နာဂတောင်တန်းဒေသမှာ ခွဲစိတ်ကုသမှုတွေကို လက်မခံ မယုံကြည်တဲ့သူတွေကို ပြောဆိုစည်းရုံးပြီးကြိုးစားကုသပေးခဲ့တာကြောင့် ရောဂါပျောက်ကင်းခဲ့တဲ့အတွက် နာဂသိန်းလှိုင်၊ နာဂရဲ့နတ်ဘုရားလို့တောင် ပြောစမှတ်ပြုခံခဲ့ရပါတယ်။

ဒေါက်တာနာဂသိန်းလှိုင်ဟာ ၁၉၈၈ ခုနှစ်၊ ဧပြီ ၃၀ ရက်မှာ အစိုးရအလုပ်ကနေ ပင်စင်အပါအဝင် ဘာခံစားခွင့်မှမယူခဲ့ဘဲ အလုပ်ကနေ နုတ်ထွက်ခဲ့တယ်လို့ ဒေါက်တာနာဂသိန်းလှိုင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာဖော်ပြချက်အရ သိရပါတယ်။ ဆရာကြီးဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်းထောက်ခံကြောင်းပြသခဲ့သူဖြစ်ပါတယ်။

ဆရာကြီးဟာ ကွယ်လွန်ချိန်မှာ အသက် ၈၈ နှစ်ရှိပြီဖြစ်ပါတယ်။

ဒေါက်တာသိန်းလှိုင်ရဲ့ နာဂတောင်တန်းဒေသမှာ တာဝန်ထမ်းဆောင်ခဲ့မှုအပါအဝင် ဘဝဇာတ်ကြောင်းကို စာရေးဆရာညီပုလေးက ‘ထက်မြက်တဲ့ ဓားသွားပေါ်က ချိုမြမြပျားရည်စက်’ ဆိုတဲ့အမည်နဲ့ လုံးချင်းရေးသားခဲ့ပြီး အဲဒီစာအုပ်ဟာလည်း အရောင်းရဆုံးစာရင်းဝင်ဖြစ်ခဲ့သလို ၂၀၁၆ အတွက် အမျိုးသား စာပေဆုကိုရရှိခဲ့ပါတယ် ။