ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်မှုဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်တွင်းရေး သက်သက်သာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ မသက်ဆိုင်ဘူးလို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။
ဒီကိစ္စဟာ အမေရိကန်ရဲ့ပြည်တွင်းရေး ဖြစ်တာကြောင့် အမေရိကန် ပြည်ထောင်စုက ဥပဒေနဲ့သာ ဆုံးဖြတ်တရားစီရင်ရမှာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ လုံးဝသက်ဆိုင်ခြင်း မရှိကြောင်း စစ်ကောင်စီ နိုင်ငံ ခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို တပ်က ထိန်းချုပ်ထားတဲ့ မြန်မာ့ရုပ်မြင်သံကြား MRTV ည ၈ နာရီ သတင်းမှာ ကြေညာခဲ့တာပါ။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးကို လုပ်ကြံဖို့ ကြံစည်ခဲ့တဲ့ မြန်မာနှစ်ဦးကို အမေရိကန်အစိုးရက ဖမ်းဆီးမိတဲ့နောက် စစ်ကောင်စီဘက်က ပထမဆုံးအကြိမ် တုံ့ပြန်လာတာလည်း ဖြစ်ပါတယ်။
ဒီလိုကြေညာရာမှာ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ်ကနေ ဖယ်ရှားခဲ့ပြီးဖြစ်တဲ့အပြင် လက်ရှိမှာ ဦးကျော်မိုးထွန်းဟာ နိုင်ငံတော် သစ္စာဖောက်ဖျက်မှုနဲ့ တရားစွဲခံထားရသူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးလ်ရဲ့ ပြောကြားချက်ကို ကန့်ကွက်တဲ့အကြောင်းလည်း အဲ့ဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဦးကျော်မိုးထွန်းကို ဒီလို လုပ်ကြံဖို့ ကြံစည်မှုဟာ ကမ္ဘာတစ်ဝန်းက စစ်ကောင်စီ ဆန့်ကျင်သူတွေကို အပြတ်ရှင်းဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီခေါင်းဆောင်တွေနဲ့ သူတို့ကို ထောက်ခံသူတွေရဲ့ အဖျက်အမှောင့် လုပ်ရပ်တစ်ခုဖြစ်ပြီး အမေရိကန်အနေနဲ့ ဦးကျော်မိုးထွန်းနဲ့ အတူ ရပ်တည်ကြောင်း ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီးက စနေနေ့က ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့ပါတယ်။