10.7.2021 မှာ ကျွန်တော်စဖျားတယ်။ ကျွန်တော် ဖျားပြီး ၂ ရက်အကြာမှာ အိမ်က ဖုန်းဆက်တယ်။ အစ်မကြီး ဖျားနေတယ်။ ဘာဆေးသောက်ရမလဲတဲ့။
ရောဂါလက္ခဏာတွေက တုပ်ကွေးနဲ့တူ။ တုပ်ကွေးပဲ ဖြစ်ပါစေဆုတောင်းရင်း သောက်ဆေးတွေ ပြောရတယ်။
ကိုဗစ်တော့ ရွာမှာ မဖြစ်လောက်ပါဘူးလို့ ဖော့တွေးလိုက်တယ်။ကိုယ်က ကိုဗစ်စစ်တော့ Positive။ အဖျားက ၁၀၃ ။ အစ်မကြီးကလည်း မသက်သာဘူးဆိုတော့ စိတ်ပူလာတယ်။ ဆေးသောက်ဖို့ပြောရင်း ကိုယ် positive ဆိုတာမပြောဖြစ်ဘူး။ ပြောရင် တစ်နေရာစီ ဖြစ်နေတဲ့ ကိုယ့်အတွက် မိသားစုက စိတ်ပူနေမှာ မလိုလားဘူး။ ကျွန်တော်လည်း အဖျား မကျ သလို မသက်သာဘူး။
ကိုယ် Day 6 မှာ အိမ်ကအစ်မလတ် ဖုန်းဆက်တယ်။ သူ အနံ့ပျောက်နေပြီပြောတယ်။ ကိုဗစ်ဆိုတာ သေချာပြီဆိုတော့ ပထမဆုံး စိုးရိမ်မိတာ ဆီးချိုရှိတဲ့ အသက် ၅၉ နှစ်အရွယ် အဖေ့ကိုပဲ။ အဖေက ဝလည်း ဝတယ်။ အဖေ ဘာဖြစ်သေးလဲ မေးတော့ ဘာမှ မဖြစ်ဘူးဆိုတော့ တခြားလူတွေနဲ့ ခွဲနေဖို့ပြောပေမယ့် ကျွန်တော် Day 9 မှာ အဖေ စပြီး ကိုယ်လက် မအီမသာဖြစ်တယ်။ အဲဒီအချိန် မှာ ကျွန်တော်က အဖျား စကျနေပြီ။ သောက်ဆေးတွေ ညွှန်ရင်း ဆုတောင်းရင်းပေါ့။ ကျွန်တော့်ဆုတောင်းကမပြည့်ဘူး။ ညီလေးက ဖုန်းဆက်တယ်။
“ကိုကြီး မင်းပြန်လာမှ ဖြစ်မယ်။ အစ်မကြီး အခြေအနေ မကောင်းဘူး။ အမြဲ လှဲနေတယ်။ အဖေကလည်း မျက်နှာကြီး နီလိုက် ပျောက်လိုက်နဲ့။ ဆေးခန်းတွေကလည်း လူရာကျော်တယ်။ ပြမရဘူး။”
ကံကောင်းတာက ကျွန်တော်အဖျားစကျနေပြီ။ ကျွန်တော် Day-13 မနက်မှာ ကားနှစ်ဆင့်စီးပြီး ရွာကို ပြန်ခဲ့တယ်။ကားပေါ်မှာ ညအိပ်တယ်။ ကျွန်တော်ရွာပြန်ရောက်တဲ့အချိန် Day-14 ။အဖေက Day 6 ပေါ့။
အိမ်ပြန်ရောက်ရောက်ချင်း အဖေ့ကို တိုင်းကြည့်တော့
Day-6
အဖျား fever-100
SpO2-95%
RBS -160
BP -120/80 ဆိုတော့မှ သက်ပြင်းချရတယ်။
တော်ပါသေးရဲ့။
သောက်ရမယ့်ဆေးတွေ ညွှန်ရင်း အဲဒီညက ကိုယ့်အခန်းထဲပဲ ကိုယ်အိပ်လိုက်မိတယ်။
အဖေ Day-7
fever-101
SpO2 88%
FBS(မနက်စာ မစားခင် ဆီးချိုပမာဏ)111
သွေးပေါင် 110/80
နှလုံးခုန်နှုန်း (HR)88
RBS 120
အသက်ရှူနှုန်း >20
တကယ်ဖြစ်လာတော့ စိုးရိမ်လိုက်တာ။ ငါ တတိယနှစ်မှာတုန်းက အမေ့အသက်ကို မကယ်နိုင်ခဲ့ဘူး။ အဖေ့အသက်ကိုတော့ ရအောင်ကယ်မယ်ဆို ပြီးအဖေ့ကို မှောက်ခိုင်းရတယ်။ အဖေက ဝတော့ခေါင်းအုံး ၆လုံးလိုတယ်။ ဗိုက် လွတ်ဖို့။ မှောက်တော့ oxygenက ၉၀/၉၁ ထိတက်လာတယ်။
Oxygen Concentrator ဝယ်ဖို့ အပူတပြင်းလုပ်ရတော့တယ်။ လူလိမ်တွေပေါလိုက်တာ။ ဆယ့်သုံးသိန်း ပတ်ချာလည်စက်တွေက ၂၈ သိန်း၊၃၀ သိန်းတဲ့လား။
ဒါတောင် Pre-Order တင်မှ ၂ ပတ် သုံးပတ်ကြာမှ ရမယ်တဲ့။ လက်ရှိ ရတဲ့ စက်တွေတွေ့ပေမယ့် စက်နာမည်က Googleမှာတောင် မတွေ့ အလိမ်အညာတွေ။ငွေတစ်ဝက်အရင်ချေပြီး လာယူတဲ့။ ဒါနဲ့ Cylinderရှာတော့လည်း အဆင်မပြေဘူး။ဒုက္ခတွေရောက်လိုက်တာ။
ညကျ မှောက်၊ဘယ်ညာစောင်း ကျောမှီခိုင်းနဲ့ အဖေက oxygen 88 ပတ်ချာလည်နဲ့။အသက်ရှူနှုန်းက တစ်မိနစ်မှာ ၃၂/၃၃။ အဖျားကလည်း မကျဘူး။
paracetamol 1G တိုက်တာကို မကျဘူးအဖေ့အခန်းထဲ ပြောင်းအိပ်တယ်။ တစ်နာရီခြား တစ်ခါ စောင့်ကြည့်ရင်း။ အဖေက မောတယ်လို့ မပြောဘူး။ ချီး၊သေး အခန်းထဲပဲ စီစဉ် ပေးရတယ်။
အဖေ Day8မှာ
နည်းနည်းလှုပ်တာနဲ့ SpO2 75 ထိကျလာတော့ သမားတော်တွေဖြစ်တဲ့
သူငယ်ချင်း ကျော်စိုးမင်း၊ကေဇင်ထက်တို့ဆီ ဖုန်းဆက် အကြံတောင်းရတယ်။ နောက် Myo Han ဆိုတဲ့ သမားတော်ရဲ့ အကောင့်ထဲ ဝင်ဖတ် လုပ်သင့်တာတွေ လုပ်ရတယ်။ဆီးချိုတွေ တက်လာတော့ Metforminရပ် တခြားဆေး အစားထိုးရင် oxygen ရှာရတယ်။ တခြားလူကံဆိုးမှုက အဖေ့အတွက် ကံကောင်းမှုလို့ ယူဆရတယ်။ အဖေ့အစ်မရဲ့ အမျိုးသားက ဆုံးတယ်။ oxygen 35 နဲ့။ အသုဘလည်း မသွားခဲ့ရဘူး။ ကိုယ့်အပူနဲ့ကိုယ်။
အစ်ကို တစ်ဝမ်းကွဲက (ဆုံးသွားတဲ့အဘရဲ့ သား)က oxygen 10L ဘူး ယူလာပေးတယ်။ အဲဒီည အဖေ oxygen စရှူတော့ နာရီဝက်မှာ ၉၂/၉၃ ထိတက်လာတယ်။ ကံဆိုးတာက Flow meter ကြားကချိန်တဲ့ဟာ ပြုတ်ထွက်ပြီး oxygen ဆက်ပေးလို့မရတော့ အဖေ့ကို မှောက်ခိုင်းရတယ်။အဖေ့ကို သနားလိုက်တာ။
ဆရာဝန်တစ်ယောက်ရဲ့ အဖေ ဖြစ်နေပြီး oxygen တောင် ဝဝ မရှူရဘူး။မှောက်နေတော့ oxygen က ၈၉ပတ်ချာလည် ဆိုတော့ မဆိုးဘူး တွေးပေမယ့်
အသက်ရှူနှုန်းက ၃၄ ။ တစ်ညလုံး မအိပ်ရဘူး။ အဖေ့ကုတင်ဘေးမှာ မိုးလင်း။
Oxygenရှာတာလည်း အဆင်မပြေဘူး။
ကျွန်တော် ဘုရားစာဆိုပြီး သစ္စာဆိုဖြစ်တယ်။
“ကျွန်တော်ဟာ ငယ်စဉ်ကတည်းက ကျွန်တော်နဲ့ ပတ်သက်သူအများစုရဲ့ အပူတွေကို မျှဝေခံစားခဲ့ပါတယ်။ တတ်နိုင်သမျှ ကူညီခဲ့ပါတယ်။ Covid ကာလမှ မဟုတ်ပါဘူး။ ဟိုးအရင်းတည်က ကျန်းမာရေးနဲ့ ပတ်သက်ပြီး လူချင်း သိသိ မသိသိ Facebook Chat boxကနေတတ်နိုင်သမျှ၊တတ်နိုင်တာထက်ပိုပြီး ကူညီခဲ့ပါတယ်။ လူအများရဲ့ အပူတွေကို မျှဝေကာ နည်းပါးစေခဲ့ပါတယ်။
တခြားကိစ္စတွေလည်း ကူညီခဲ့ပါတယ်။
အခု ကျွန်တော့်အဖေ နေမကောင်းပါ။
ဘာမှ မမျှော်လင့်ထားဘဲ ကူညီခဲ့ပေမယ့် အဲဒီကံတွေကြောင့် ကျွန်တော့်ရဲ့ အပူတွေ နည်းပါစေ။အဖေ အမြန်သက်သာပါစေ။ အဖေ ကိုယ်ကျန်းမာပါစေ၊ စိတ်ချမ်းသာပါစေ”။
အဖေ Day-9
SpO2 90%
မနက်ခင်း အဖျားမရှိတော့ စိတ်ချမ်းသာပေမယ့်ဆီးချိူဓာတ်တွေ တက်လာတာ အများကြီး။နေ့လယ် ၁၂ နာရီမှာ ပြန်ဖျားတယ်။၁၀၂။
SpO2 က အဖေ့ကို တနေ့ ၆နာရီ ၈ နာရီထိ မှောက်ခိုင်းတော့ ၉၃ ပတ်ချာလည် ရှိတယ်။ ကျောအောက်ပိုင်းကို ပုတ်ပေးတယ်။
အဖေက အစား သိပ်မစားတာတော့ စိုးရိမ်မိတယ်။
ဘာကျွေးကျွေး ခေါင်းခါနေတယ်။
ဒါနဲ့ ကြက်ပေါင်းပြီးကျွေးမယ်။ ဗမာကြက်ရှာတော့ မရဘူး။
ဒါနဲ့ ညီလေးက တောထဲ သူမွေးထားတဲ့ ကြက်တွေ ရှိတယ်ပြောတယ်။ကျွန်တော်ခေါင်းခါတယ်။
“မလုပ်နဲ့ ဈေးထဲက အသေသားပဲ ရအောင်ရှာဝယ်ခိုင်းရတယ်။ ဒါတောင် ဗမာကြက်ချက်မယ်လို့ ကြိုတွေးထားရင်း ရှာရင် အကုသိုလ်က ရနိုင်သေးတယ်”။
readymade ကြက်ပေါင်းဘူးတွေလည်း ဝယ်မရလို့ ရန်ကုန်ကအသိ ညီလေးထူးလွင်ဆီ အကူအညီတောင်းရတယ်။ နောက်၂ရက်ကြာ သူက ပို့ပေးမယ်ပြောတယ်။
အဖေက ညတွေမှာ အိပ်နေရင်း ယောင်တယ်။
အဖေ့ကို ဂရုစိုက်နေရတော့ အစ်မ နှစ်ယောက်ကို ပစ်ထားမိတယ်။ အိမ်က သံပုရာပင်က အများကြီးသီးနေတော့ ပျားသံပုရာရည် ဖျော်သောက်ကြ ဘာ စီဗစ်မှ မလိုဘူး အော်ထားတယ်။သေချာ ဂရုမစိုက်မိတာ တောင်းပန်ပါတယ်။
အဖေ Day-10
အစ်မတွေက သက်သာလာကြပေမယ့် အဖေကအဖျားမကျဘူး။
သွေးဖောက်ပြီး မြို့ပေါ် ပို့စစ်ထားတယ်။
ဆီးချိုအတွက် ထိုးဆေးကြိုဝယ်။
ထမင်းခွံတာ အစာကျွေးတာ နောက်ကျောမှီပြီး လုပ်ပေးရတယ်။
အဖေ့စကားသံတွေ မပီတော့ဘူး။ ဝါးလာတယ်။
အဖေ က မစားချင်ဘူးပြောလည်း တစ်နေ့ ရေ၊Glucerna၊ဓာတ်ဆား၊ဖျော်ရည် ၂လီတာကျော် ရအောင်ကျွေးတယ်။
မပြည့်ရင် Drip ထည့်တယ်။
အိပ်ရာထဲ အမြဲနေရတော့ သွေးခဲမှာစိုးရိမ်လို့ လေ့ကျင့်ခန်းနေ့စဉ် လုပ်ပေးဖြစ်တယ်။ လက်လှုပ် ခြေလှုပ်လောက်ပါပဲ။အဖေက ညောင်းတယ်ပြောတော့
အစ်မနဲ့ညီမက လာလာနှိပ်နေလို့ အော်ရသေးတယ်။သွေးခဲရှိရင် ပြုတ်ထွက်တတ်တယ်။မနှိပ်နဲ့ လို့။ဒါနဲ့အဖေက ဆေးပဲလူးခိုင်းတယ်။ညောင်းကိုက်နေတာနေမယ်။
အဖေ Day-11
မနက်အစော တစ်နာရီ အဖေ အဖျားတက် ချမ်းတုန်ပြီး နိုးလာရှာတယ်။
oxygenကျတယ်။၇၅ထိ။
သား သက်သာအောင် လုပ်ပေးမယ်ပြောရင်း ဆုံးဖြတ်ချက်ချ ဆေးတစ်မျိုးကို မနက် ည ထိုးဖို့ ဆုံးဖြတ်လိုက်တယ်။
FBS-180
BP 120/80
PR 120
RR 34
အဖေ အိပ်ပျော်နေချိန် chat boxက လာမေးထားသူတွေကို ကူညီဖြေပေးဖြစ်တယ်။
အဖေ့ အခန်းထဲမှာပဲ ချေးအိုး သေးအိုး လုပ်ထားပေးပေမယ့် ကျွန်တော် မှေးခနဲ့ အိပ်ပျော်သွားချိန် အဖေက အိပ်သာ ဘက် ထသွားတယ်။ ပြန်လာတော့ဟောဟဲဖြစ်နေပြီ။
SPO2 65% ထိကျတယ် ။ ပြန်ပြင်ထားတဲ့Cylinderအိုး နဲ့ oxygenပေးတယ်။ အဖေကံဆိုးတယ်။ Flow meter က အဆင်မပြေပြန်ဘူး။ ၁၀ မိနစ်ပဲ ပေးလို့ရ။ ထုံးစံအတိုင်း မှောက်နေခိုင်းရတယ်။After 1 hour မှာ SpO2 88% ထိတက်လာတယ်။ချေးသေး အခန်းထဲပါခိုင်း ရှက်လို့ အိမ်သာထိ သွားတာတဲ့။ အေးပေါ့လေ အခုအရွယ်ထိ ကျန်းမာရေးကောင်းခဲ့တဲ့အဖေက အခန်းထဲပဲ ချေးသေး ပေါက်ခိုင်းတာ ရှက်တာပေါ့။
“ရှက်မနေနဲ့ အဖေရ။ အဖေက ကိုယ့်အဖေမို့ လုပ်ပေးရတာ ။OG Ward မှာ ကလေးမွေးရင်ညှစ်ညှစ်လို့ အော်တဲ့အခါ ကလေးမထွက်ဘဲ ချီးတွေပဲ ထွက်ကျလာလို့ ချီးပဲ ထိုင်သုတ်နေရတယ်ပြောတော့ အဖေက ရယ်ရှာတယ်။နှစ်နာရီ အကြာမှာ SpO2-91-94 ပတ်ချာလည်ထိတက်လာမှ စိတ်အေးရတယ်။ညတစ်နာရီ ထိ မအိပ်သေးဘဲ သူငယ်ချင်း သမားတော် Dr ကျော်စိုးမင်းနဲ့ ChatBoxမှာ စကားပြောဖြစ်တော့ ညတွင်းချင်း oxygen concentratorရှာပေးတယ်။
ကံကောင်းစွာပဲ မန္တလေးက နေ တစ်လုံး ရနိုင်တယ်ပြောတယ်။ Preorderတင်ထားသူတွေအတွက်မှာထားတဲ့ အလုံး ၃၀ ထဲက တစ်လုံးကျန်နေတာ။ ဒါနဲ့ အသိဆီဖုန်းဆက် ကားငှား လာပို့ခိုင်းရတယ်။ သူငယ်ချင်း ကျော်စိုးမင်းကို ကျေးဇူးတင်ရပါတယ်။
အဖေ Day13
စက်ရပေမယ့် oxygenကို ၉၀ အောက်ကျမှပဲ ပေးတယ်။ အသက်ရှူပြီး အဆုတ်ကိုပြန်ကောင်းစေချင်တာ၉၀နဲ့ ဆို မှောက်၊စောင်းထားတယ်။ အဖေ့အဆုတ်တွေ ကျန်းမာဖို့ အသက်ရှူလေ့ကျင့်ခန်းလုပ်ခိုင်းတယ်။
မနက်အစော ၂နာရီ အဖေ ချောင်းတွေ တအားဆိုးတယ်။ အခန်းထဲပဲ မစင်စွန့်တယ်။ဆီး ဝမ်းကောင်းနေတာကို ကျေးဇူးတင်မိတယ်။
မစင်စွန့်တော့ SpO2-74ထိပြုတ်ကျသွားတယ်
O2 4L/min ပေး တော့SpO2 92-95%ထိ ပြန်တက်လာတယ်။(မနက် ၅:၃၀)စက် ရပ်ပြီး prone ထား
7:30AM SpO2 91-94%
နေ့လယ် ၁၂မှာ SpO2 88-92 ။အဖျား မရှိဘူး။
အဖေ့ရဲ့ oxygenက မငြိမ်ဘူး။ စိုးရိမ်လိုက်တာ။အဖေ့က သူ့သားသမီးတွေကို စိတ်မချတာ သိလို့အိမ်အတွက် ဘာမှ မပူဖို့ သားတာဝန်ယူတယ်လို့ပြောမိတော့ အဖေက ကျေနပ်တဲ့ မျက်ဝန်းတွေနဲ့။
တကယ်တော့ အဖေ မရမက တည်ထောင်ထားတဲ့ စက်သုံးဆီဆိုင် အလတ်စားလေးက မိသားစု စားဝတ်နေရေးအတွက် လုံလောက်တာထက် ပိုနေပါပြီလေ။
အဖေ Day 13
မနက်4:30 AMထ ရှူးထပေါက် ။ရှူးအိုးသွန်။
Spo2 88-93%
prone ထား(4:40 am to 5:30)
FBS- 214(mixtrad20U)
မျက်နှာသစ်ပေးပြီး မနက်စာကျွေး။
Glucerna တခွက်
ငှက်သိုက်
ငုံးဥကျွေး အစာစားရင်း
SPO2 တိုင်းတော့ 91 ဆိုတော့ သိပ်မကျဘူး။
ညနေ
5:30 ရေပတ်တိုက်။ အဖေ Day 6 ကတည်းက နေ့စဉ်ရေပတ်တိုက်ပေးခဲ့တယ်။
6PM
RBS-255(insulin 12U)
ညစာ ငှက်သိုက်+ Glucerna တခွက်+ဆန်ပြုတ် နာနတ်သီးသံပုရာဖျော်ရည်တိုက်။
SpO2 91% on air ။
အဖေက ရေချိုးခန်းထဲ ရေချိုးချင်တယ်လို့ပြောတယ်။အဖေ လုပ်ချင်တယ်လို့ ပြောလာတဲ့ ကိစ္စမှန်သမျှ မလုပ်ရဘူးလို့ မငြင်းခဲ့ဘူး။
“နောက် လေးငါးရက်ဆို ချိုးရမှာပေါ့ အဖေရယ်၊အခုတော့ ရေပတ်ပဲတိုက်ဦးလို့ နှစ်သိမ့်ရတယ်။”
အဖေက အသံချဲ့စက်ထောင်ထားတာ။ သိန်း ၅၀လောက်ကုန်နေပြီ။ဒါကို ၈ သိန်းတန်ဘောက်ဝယ်မလို့တဲ့။
အဖေ နေကောင်းတာနဲ့ ဝယ်ပေးမယ်ဗျာလို့ ပြောရတယ်။ တစ်ခါတလေ အဖေက ကလေးဆိုးကြီးလိုပဲ။
ည၇နာရီ ညစာကို ညီမလေးနဲ့ အတူ ဝိုင်းအလယ်က စားပွဲမှာ စားတော့ ညီမလေးက မေးတယ်။
“အဖေက ဘယ်တော့ ပြန်ကောင်းမှာလဲကြည့်ရတာ ဝမ်းနည်းတယ်”တဲ့။
အဖေ့အခြေအနေက စိတ်မချရသေးကြောင်း အချိန်မရွေးတိမ်းပါးနိုင်ကြောင်း ညီမလေးကို ရှင်းပြရတယ်။
အဖေနေတဲ့ အခန်းပြတင်းကတစ်ဆင့်ကျွန်တော်တို့ထမင်းစားတဲ့ ဝိုင်းအလယ်က နေရာကို လှမ်းကြည့်နေရှာတယ်။အဖေ့ကို ကျောမှီပေးထားတာမို့ လှမ်းမြင်နေရတယ်။ ညပိုင်း အဖေ အဖျားပြန်တက်တော့ သူငယ်ချင်းကျော်စိုးမင်းနဲ့ တိုင်ပင်ပြီးသွေးအဖြေအရ ပိုးသတ်ဆေးပြောင်းတိုက်ရတယ်။
အဖေ Day14
မနက်အစော
3;30AM
ဝမ်းထသွား။
မသွားခင် oxygen 4L ပေးထားတော့ oxygenမကျတော့ဘူး။
ဆီး/ဝမ်းမှန် SpO2-96 %with air။ခဏ
Prone ထား(4Am to 5:30 AM)
မနက်စာ ငုံးဥ ၅လုံး
Glucerna
ငှက်သိုက်အချို သောက်။
left lateral and right lateral ထား
အဖျာ မရှိ။
12pm
Spo2 95 %with 2.5L of o2
BP stable
RR 28
နေ့လယ် psi စလောင်းထကြည့်။ မဇ္ဈိမ ထင်တယ်။ မန္တလေးက ကလေးတွေ အသတ်ခံရတာတွေ့။ဒေါသတွေထွက်ပြီး နှလုံးခုန်နှုန်း အသက်ရှူနှုန်းတွေမြန် oxygenတွေကျတော့ အိပ်ရာပေါ်စောင်း oxygenပြန်ပေးရတယ်။
SpO2 95 ထိတက်လာတယ်။
RBS-314
နောက်နေ့ PSI မကြည့်ဖို့ တားမြစ်ထားတယ်။
အဖေ Day 15
Oxygen မပေးရင်
SpO2 88-93 ကြားပဲ။ မှောက်လိုက်ရင် ၉၂။
ကြက်ဥကြွေး မနက်စာခွံ။
O2 ပေး တော့ SpO2 94% ။၉၄ ထက် ပိုမပေးရဘူး။၉၄ ပတ်ချာလည်ပဲထားတယ်။ စာတမ်းတစ်ခု ဖတ်လိုက်ရတယ်။ oxygenပေးရင် ၉၄ နားထားသူတွေက ပိုကောင်းပြီး၉၇ နားထားသူတွေ အသက် အန္တရာယ်ပိုတွေ့တယ်တဲ့။
အဖျား လုံးဝ မရှိတာ ၂၄ နာရီပြည့်ခဲ့ပြီ။ နည်းနည်း စိတ်သက်သာရာရတယ်။
သွေးမခဲဆေး စထိုးတယ်။ကူညီပို့ပေးတဲ့ ရန်ကုန်ကညီလေး Dr စိုးလပြည့်ကို ကျေးဇူးအထူးတင်ပါတယ်။
အဖေDay16
ငြိမ်ငြိမ်နေရင် SpO2 91% 92%ထိရှိတယ်။ oxygen ပေးစရာ မလိုဘူး။ အဖျားမရှိတော့ဘူး။
အစာပြန်စားလာတယ်။ စကားပီလာပြီ။ဆီး ဝမ်းမှန်။ထိုးဆေးကြောင့် ဆီးချိူတွေတက်တာ ထိန်းမရ။ ဆီးချိုထိုးဆေး ပမာဏတိုးဖို့ အထူးကုသမားတော် အစ်ကိုဆရာ Dr Nay Myo Oo ဆီ တိုင်ပင်ရတယ်။ ကူညီပေးတဲ့အစ်ကို့ကို ကျေးဇူးတင်ပါတယ်။
အဖေ Day 17
အဖျား မရှိတော့ဘူး
Spo2 90-94on air
With O2 2L/Min -96%။
Vital Signs -Stable
အဖေက အစာတွေစား
စိတ်တိုင်းမကျတာတွေ အော်ဆိုတော့ အခြေအနေမဆိုးဘူး။ထပ်လိုလာတဲ့ သွေးမခဲဆေး ပို့ပေးတဲ့အတွက် ရော Nasal cannula,facemaskတွေ လက်ဆောင်ထည့်ပေးတဲ့ အတွက်ပါ မန္တလေးက Dr htain lin aung တို့မိသားစုကို ကျေးဇူးတင်ပါတယ်။
အဖေ Day 18
SpO2-91-95% resting
Exertion-SpO2 86-90%
အမှတ်တရအဖြစ် အိမ်ရှေ့ မှာ ည၇နာရီလောက်ကားတစ်စီးထိုးရပ်။
ကားမောင်းသူက ကယ်ကြပါဦးပြောဝင်လာ။
ကားပေါ်မှာ ဦးဇင်းတစ်ပါး တက်နေလို့တဲ့။
သွေးစစ်တော့ သွေးထဲသကြားဓာတ်အလွန်အမင်းကျနေတာ။ ကျောင်းထိုင်ဆရာတော် oxygenကျနေတာမို့ မန္တလေးမှာ oxygen တက်ရှာကြတာတဲ့။
ဆေးထိုး။မနက်ကတည်းက ဘာမှ ဘုန်းမပေးရသေးတာပြောတယ်။ခဏအကြာသက်သာလာတော့ အဖေ့ကို နေ့စဉ်တိုက်တဲ့ ပိုကာရီစွက် ကပ်လှူ။ တစ်ဘူးပဲကျန်တော့တာ။
ဒီကုသိုလ်က အဖေ့ကျန်းမာရေးအတွက် အထောက်အပံ့ ဖြစ်ပါစေဆုတောင်းမိတယ်။
အဖေ Day19
oxygenက ငြိမ်ငြိမ်နေရင် ၉၅/၉၆။
လှုပ်ရင် လမ်းလျှောက်ရင် ၉၁-၉၃
ကျန်းမာရေးသိသိသာသာတိုးတက်လာတယ်။
အသက်ရှူလေ့ကျင့်ခန်းကို ပိုတိုးပြီး အတူတူလုပ်ပေးဖြစ်တယ်။ အခန်းထဲကစပြီး အပြင်ကို ထွက်ခွင့်ပေးလိုက်တယ်။ “အဖေ သက်သာနေပြီ သားတဲ့”
အဆုတ်မှာသွေးခဲပိတ်မှာကို ကာကွယ်ဖို့ ရင်ခေါင်းနဲ့ အဆုတ်အထူးကု အစ်ကိုဆရာ ထွန်းထွန်းဝင်းနဲ့ တိုင်ပင်ရတယ်။ကူညီပြောပေးတဲ့ ဆရာ့ကိုကျေးဇူးတင်ရပါတယ်။
အဖေ Day 20
ဆီးချို ထိန်းမရသေးတာကလွဲလို့ အားလုံးအဆင်ပြေတယ်။ဒါကလည်း ထိုးဆေးရပ်လိုက်ပြီး သိပ်မကြာခင်အဆင်ပြေမယ်ထင်တယ်။လုံးဝကြီး စိတ်ချရမယ့်အနေအထားမဟုတ်ရင်တောင် အဖေက သိသိသာသာ ကျန်းမာလာပါပြီ။
ဟမ် စိုင်း