ရန်ကုန်၊ ဩဂုတ် ၇
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ရန်အတွက် ကြိုးစားသည့် မြန်မာ ၂ ဦးဖြစ်သော ဖြိုးဟိန်းထွဋ်နှင့် ရဲဟိန်းဇော်တို့ကို အမေရိကန်အာဏာပိုင်များက ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း အမေရိကန်ဘက်က တရားဝင်သတင်းထုတ်ပြန်သည်။
အဆိုပါလုပ်ကြံသတ်ဖြတ်ရန် ကြိုးစားသူ မြန်မာ ၂ ဦးကို ဖမ်းဆီးထားမိပြီး အမှုစတင် တရားစွဲဆိုမည်ဖြစ်ကြောင်း အမေရိကန် တရားရေးဝန်ကြီးဌာန လက်အောက်ခံ နယူးယောက်မြို့ တောင်ပိုင်းခရိုင် ရှေ့နေချုပ်ရုံးက သြဂုတ်လ ၆ ရက်နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်သည်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင်နေထိုင်သည့် ဖြိုးဟိန်းထွဋ်နှင့် ရဲဟိန်းဇော်တို့ နှစ်ဦးသည် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံ တိုက်ခိုက်ရန် ဆွေးနွေးခဲ့ပြီး ထိုင်းနိုင်ငံမှ လက်နက်မှောင်ခို တစ်ဦးကို ဖြိုးဟိန်းထွဋ် က ဆက်သွယ်ခဲ့ကြောင်း၊ ဦးကျော်မိုးထွန်းကို သတ်ဖြတ်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ရဲဟိန်းဇော်က ဖြိုးဟိန်းထွဋ်ကို စရန်ငွေအဖြစ် ဒေါ်လာ လေးထောင် လွှဲပေးခဲ့ပြီး ဦးကျော်မိုးထွန်းကို သတ်ဖြတ်ပြီးလျှင် ကြေးစားလူမိုက်များကို ထပ်မံ၍ ဒေါ်လာတစ်ထောင် ပေးရန် သဘောတူညီခဲ့ကြောင်း အမေရိကန်မှ လာသော သတင်းများတွင် ဖော်ပြထားသည်။
ရဲဟိန်းဇော်သည် ထိုင်းမှ လက်နက်ကုန်သည်၏ တောင်းဆိုချက်အရ အမေရိကန်ပြည်ထောင်စုသို့ လာရောက်မည့် သူ ၂ ဦးအတွက် လေယာဉ်လက်မှတ် ဘိုကင် ပြုလုပ်ခဲ့ပေးကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။
ဖြိုးဟိန်းထွဋ်နှင့် ရဲဟိန်းဇော်တို့ကို နယူးယောက်ပြည်နယ် White Plains မြို့၊ ခရိုင်တရားရုံးတွင် အမှုတင် တရားစွဲဆိုထားကြောင်း၊ ထောင်ဒဏ် ၅ နှစ်အထိ ကျခံနိုင်မည့် ပုဒ်မများဖြင့် တရားစွဲဆိုထားကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားသူ ၂ ဦးအနက်မှ ရဲဟိန်းဇော်။