ဗဟုသုတ

ဆည်၁၈ ခုတွင် ရေပိုလွှဲအထက် ရေကျော်နေပြီး မြေနိမ့်ပိုင်းဒေသများတွင် ရေဘေးကြိုတင်သတိပြုရန်လို

မြန်မာနိုင်ငံဒေသအနှံ့က ဆည် ၁၈ခုတွင် ရေများတိုးလာ၍ မြေနိမ့်ပိုင်းကျေးရွာများတွင်နေသူများအနေဖြင့် ရေဘေး ကြိုတင်သတိပြုရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လူမှုကွန်ရက် စာမျက်နှာ‌ပေါ်ကတစ်ဆင့် သတိပေးချက်ထုတ်ပြန်ထားသည်။

ဒေသအများအပြား၌ မိုးများနေပြီး ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး မြို့နယ်အချို့တွင် ရေကြီးနစ်မြုပ်မှုတချို့ ကြုံတွေ့နေရပြီး ကျန်ဒေသအနှံ့ရှိ ဆည်၁၈ခုတွင် ရေပြည့်မှတ်ကိုကျော်လွန် နေခြင်းဖြစ်သည်။

သြဂုတ် ၆ ရက်အထိ မှတ်တမ်းများအရ ဒေသအနှံ့ရှိ ဆည်ပေါင်း နှစ်ရာကျော်အနက် ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊စစ်ကိုင်း တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့က ဆည် ၁၈ ခုတွင် ရေပိုလွှဲရေလျှံနေသည်ဟု ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန က သတင်းထုတ်ပြန်ထားသည်။

သြဂုတ်လ ပထမလပတ်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

ကရင်ပြည်နယ်မှ မြဝတီမြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ဧရာဝတီတိုင်းဒေသကြီးမှ ငရုတ်ကောင်းမြို့နယ်နှင့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့တို့တွင် မြေနိမ့်ပိုင်းနေရာများ၌ ရေကြီးနစ်မြုပ်မှုများ ရင်ဆိုင်ကြုံ‌ တွေ့ခဲ့ရကြောင်းဒေသခံများကပြောသည်။

ထို့အပြင် မြန်မာနိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင်လည်း ယခင်ကထက် မိုးကောင်းနေပြီး ဆည်ရေဝင်ရောက်မှု များပြားလာသည်ဟု ဆည်မြောင်းဦးစီးဌာန၏ ဝန်ထမ်းအချို့က လူမှုကွန်ရက်တွင်ရေးသားထားသည်။

ဆည်အများစုသည် ရေပိုလွှဲနေရာမှ တစ်ပေခန့်သာ ရေကျော်နေသော်လည်း ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ ရေဘုတ်ရေလှောင်တမံသည် ရေပိုလွှဲအထက် သုံးပေ ကျော်လွန်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ နေပြည်တော်၊ ဧရာဝတီ တိုင်းဒေသကြီး ၊ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးကြီးနိုင်ကြောင်း မိုးဇလက သတိပေး ထားသည်။

Photo: တောင်ကုတ်မြို့ ယနေ့မြင်ကွင်း