မကွေးတိုင်း၊ ပခုက္ကူမြို့က ၃ မိုင်ကုန်းသုဿန်မှာ နေ့စဉ်သဂြိုလ်ပေးနေရတဲ့ရုပ်အလောင်းတွေ များပြားခဲ့တာကြောင့် မီးသဂြိုလ်စက်ပျက်စီးလို့ ပြန်လည်ပြင်ဆင်ချိန်မှာ မဖြစ်မနေကိစ္စများကိုသာ မီးသဂြိုလ်ခြင်းဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
“ဇူလိုင် ၂ ရက်နေ့ကနေ သြဂုတ် ၂ ရက်နေ့အထိ သေဆုံးသူ ၄၁၀ ဦးရဲ့ ရုပ်အလောင်းတွေကို ပခုက္ကူ ၃ မိုင်ကုန်းသုဿာန်မှာ တနေ့ ပျမ်းမျှ ၁၂ ဦးနှုန်းနဲ့ မီးသဂြိုလ်ပေးခဲ့ရတာပါ။ ဇူလိုင် ၂၀ ရက်နေ့နောက်ပိုင်းမှာတော့ ညသဂြိုလ်ပေးရတဲ့အရေအတွက်ဟာ တနေ့ကို အနည်းဆုံး ၁၇ ဦးမှ အများဆုံး ၃၄ ဦး အထိရှိနေတော့ မီးအပူရှိန်များပြီး သဂြိုလ်စက်နံရံတွေအက်ကွဲကုန်တယ်။ မပြင်ဘဲဆက်သုံးနေရင်တော့ စိုးရိမ်စရာအနေအထားအထိ ရှိတယ်” လို့ စည်ပင်ဝန်ထမ်းတဦးက ပြောပါတယ်။
၂၀၂၁ ခုနှစ် ဇူလိုင် ၂ ရက်နေ့ကနေ သြဂုတ် ၂ ရက်နေ့အထိ သေဆုံးသူ ၄၁၀ ဦးရဲ့ ရုပ်အလောင်းတွေထဲမှာ ရိုးရိုးရောဂါဖြင့်သေဆုံးသူ ၃၁၅ ဦး ဖြစ်ပြီး ကိုဗစ်ရောဂါနဲ့ သေဆုံးသူ ၉၅ ဦးထိ ရှိနေတယ်လို့ သိရပါတယ်။
“လူတယောက်သေလို့ မီးသဂြိုလ်ရင် သောင်းဂဏန်းကုန်တာ။ အခုတော့ မြေနေရာခ၊ မြေတူးခတွေနဲ့ဆို သိန်းဂဏန်းအထိကုန်နိုင်တယ်။ သေရတာတောင် မလွယ်တဲ့ခေတ်ကြီးပါဗျာ” လို့ ဒေသခံတဦးက ပြောပါတယ်။
မြို့နယ်စည်ပင်အနေနဲ့ မီးသဂြိုလ်စက်တွေ ပြင်ဆင်ခြင်းလုပ်ငန်းတွေဆောင်ရွက်နေချိန်ကာလမှာ မဖြစ်မနေကိစ္စများကိုသာ မီးသဂြိုလ်ခြင်းဆောင်ရွက်ပေးမှာဖြစ်ပြီး ရိုးရိုးဓမ္မတာ၊ ရောဂါဖြင့်သေဆုံးသူများကို မြေမြှပ်ခြင်း၊ ဂူသွင်းသဂြိုလ်ခြင်းတွေကိုသာ ဆောင်ရွက်ပေးနိုင်မယ်လို့ သိရပါတယ်။
#မြေလတ်အသံ