ကွတ်ခိုင် | မားနဂါး | သြဂုတ် ၄ | ၂၀၂၁ခုနှစ် ။
ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာဘက်က ကျေးရွာတစ်ရွာမှာ ကိုဗစ်ကာကွယ်ဆေးထိုးသင့်မထိုးသင့်ကို သြဂုတ်လ ၁ရက်နေ့မှာ မဲခွဲပြီးဆုံးဖြတ်ခဲ့ကြတယ်လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက ဒီကနေ့ သြဂုတ် ၄ရက်နေ့မှာ မားနဂါးသတင်း ဌာနကိုပြောပါတယ်။
ပြီးခဲ့တဲ့ ပတ်မှာ ကိုဗစ်ကာကွယ်ဆေးကို စစ်တပ်ကလိုက်ထိုးပေးပြီး ဆေးထိုးပြီးတာနဲ့ မကြာခဏလူ သေတာတွေရှိတယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် ကျေးရွာကပြည်သူတွေလည်း ကြောက်ကြပြီး ကာကွယ်ဆေးကို လုံးဝမထိုးဘူးလို့ပြောကြတယ်လို့ ဒေသခံတွေကပြောကြပါတယ်။
ကာကွယ်ဆေးကို ကျေးရွာမှာလာမထိုးခင် ထိုးသင့်မထိုးသင့်ဒေသခံတွေက မဲခွဲဆုံးဖြတ်ခဲ့ကြကြောင်းကို ကျေးရွာသားတစ်ဦးပြောပြချက်အရ
“အခုကျနော်တို့လည်း သေခြာမဆုံးဖြတ်နိုင်တော့လို့ မဲခွဲဆုံးဖြတ်လိုက်တာ၊ မထိုးချင်တဲ့သူကများပါတယ် ။။ တောင်ပေါ်မှာကဘယ်မှလည်းမသွားကြဘူး ရောဂါလည်း မဖြစ်သေးဘူး။ ဆေးထိုးမှသေကုန်မှာ ကြောက်တယ်။”လို့ မားနဂါးသတင်းဌာနကိုပြောပါတယ်။
ထွက်ပေါ်လာတဲ့ကောလဟာလသတင်းတွေကြောင့် ကာကွယ်ဆေးကို ထိုးသင့်မထိုးသင့် မိမိကိုယ်တိုင် တောင်မဆုံးဖြတ်တက်ကြောင်း သူကဆက်လက်ပြောကြားခဲ့ပါတယ်။
ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ကွတ်ခိုင်မြို့နယ်ရှိ မုံးစီးဒေသခံအမျိုးသမီးတစ်ဦးကလည်း
“ကာကွယ်ဆေးနဲ့ပတ်သက်လို့ ကောလဟာလသတင်းတွေ မုံးစီးဘက်မှာလည်း ကြားနေရတယ်။ ဆေးလာထိုးရင် လုံးဝမထိုးဘူး။”လို့မားနဂါးသတင်းဌာနကိုပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့သတင်းပတ်မှာလည်း ကာကွယ်ဆေးကို တစ်ရွာပြီးတစ်ရွာ လိုက်လံထိုးပေးနေတယ်ဆိုတဲ့ ကောလဟာလတွေကြောင့် ဒေသခံရွာသားတွေထိတ်လန့်ပြီး ထွက်ပြေးတာတွေလည်းရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။
Photo | Local People ။