ဗဟုသုတ

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ပါဝင်လို့ အမှုဖွင့်ခံရသူတွေကို အမှုပြန်ရုပ်သိမ်းမယ်လို့ စကစ ကြေညာ

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှ ပါဝင်လို့ ပုဒ်မတပ်အမှုဖွင့်ခံထားရလို့ တိမ်းရှောင်နေသူတွေကို အမှုပြန်ရုပ်သိမ်းပေးမယ်လို့ အာဏာသိမ်း စစ်ကောင်စီထုတ် သတင်းစာတွေမှာ ဒီကနေ့ ထည့်သွင်းကြေညာထားတာ တွေ့ရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ခြောက်လတာကာလအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေချိန် စစ်အုပ်စု ပစ်သတ်လို့ ကျဆုံးပြည်ပေါင်း ၁၀၀၀ နီးပါးနဲ့ အမှုဖွင့် ဖမ်းဆီးခံခဲ့ရသူ ခုနှစ်ထောင်ကျော် ရှိနေချိန် ဥပဒေဘောင်အတွင်း ပြန်ဝင်လာကြဖို့ဆိုပြီး စစ်အုပ်က ကြေညာနေတာလည်း ဖြစ်ပါတယ်။

အခုအမှုပိတ်သိမ်းပေးမယ့်အထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်နေသူတွေနဲ့ CDM ဝန်ထမ်းတွေကို ငွေကြေးအရ တစ်ခုခု ထောက်ပံ့နေသူတွေတော့ မပါဝင်းဘူးလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို မလိုလားသူတွေရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် ကျောင်းသား၊ လူငယ်၊ လူရွယ်တွေနဲ့ ဝန်ထမ်းတွေဟာ ဆန္ဒပြတာ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာကြောင့် အရေးယူခံရမှာကို စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေကြတာ တွေ့ရတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

အဲဒီလို ထွက်ပြေးတိမ်းရှောင်နေသူတွေအနေနဲ့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်မယ်ဆိုရင် ရေးဖွင့်ထားတဲ့ အမှုတွေကို ပြန်ရုပ်သိမ်းတာ၊ ပိတ်သိမ်းတာတွေကို ဆောင်ရွက်ပေးမှာဖြစ်လို့ အမှုပိတ်သိမ်းချင်သူတွေ ဆက်သွယ်ကြဖို့ စစ်ကောင်စီက ကြေညာထားတာပါ။