ဗဟုသုတ

တစ်နေ့ ခေါက်ဆွဲခြောက် နှစ်ဗူးနဲ့ ဆာလောင်သံတွေကြားက တရုတ်နိုင်ငံ Quarantine Center ရှိ မြန်မာလုပ်သားတွေရဲ့ ဘဝ

တရုတ်-မြန်မာနယ်စပ် တရုတ်နိုင်ငံ ရွှေလီနဲ့ ဂျယ်ဂေါင်မြို့မှာ ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ Quarantine Center မှာ လနဲ့ချီ နေထိုင်ကြရပြီး မြန်မာနိုင်ငံသို့ ပြန်ခွင့်မရကြသလို နေ့စဉ် ခေါက်ဆွဲဗူး နှစ်ဗူး၊ ရေ ၃ ဗူးနဲ့သာ စားသောက်ပြီး နေထိုင်ကြရပါတယ်။

စင်တာဟာ ရွှေလီမြို့ အပြင်ဘက် မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဝမ်တိမ် အနီးတစ်ဝိုက်မှာ တည်ရှိပါတယ်။

ကိုနိုင်လင်းထွန်းဟာ ဒီစင်တာထဲကို ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်ကတည်းက ရောက်ရှိလာသူဖြစ်ပြီး (၂၁)ရက်သာ ဝင်ရမယ်လို့ တရုတ်ရဲတွေကပြောပြီး သူတို့ကို ခေါ်သွားခဲ့တာ ဖြစ်ပါတယ်။

“အခုဆိုနေတာ (၂၁)ရက်လည်း မကတော့ဘူး။ လာတဲ့သူတိုင်းကို မြန်မာပြည် ပြန်ချင်တယ်လို့ပြောတော့ ပြန်ခွင့်မရသေးလို့ ပြန်မပို့ပေးတာပေါ့ပဲပြောတယ်။ ပြန်ချင်တဲ့လူ စာရင်းပေးဆိုတော့လည်း ခဏခဏ ပေးတာပဲ။ အခုထိ ပြန်ခွင့်မပေးသေးဘူး” လို့ ပြောပါတယ်။

တရုတ်အစိုးရကနေ စင်တာအတွက် လိုအပ်တဲ့ အစားအသောက်တွေကို တာဝန်ယူပေးမှာဖြစ်ပြီး လမ်းတစ်လျှောက်မှာ အစားအသောက် မဝယ်ကြဖို့ တရုတ်ရဲတွေက တိုက်တွန်းခဲ့ကြပါတယ်။

“ကျနော်တို့က မုန့်တွေ စားစရာတွေဝယ်လာမယ်ပြောတော့ တရုတ်ရဲတွေက ဘာမှဝယ်စရာ မလိုဘူးတဲ့။ တရုတ်အစိုးရက အကုန်စီစဉ်ထားတယ်တဲ့။ အဝတ်အစားတွေလည်း အများကြီးယူလာစရာ မလိုဘူး။ (၂၁)ရက်ပဲ ဝင်ရမှာတဲ့” ဆိုပြီး ကိုနိုင်လင်းထွန်းက စဝင်လာရတုန်းက အခြေအနေကို ပြန်ပြောပြပါတယ်။

ဇူလိုင်လအတွင်းမှာတော့ Quarantine ဝင်နေရသူတွေကို တရုတ်ဘက်က အစားအသောက် ပုံမှန်ကျွေးပေမဲ့ ဒီသြဂုတ်လကနေ စတင်ပြီးတော့ ပိုက်ဆံမပေးနိုင်သူတွေကို ထမင်းကျွေးမှာမဟုတ်တော့ပဲ ခေါက်ဆွဲ ၂ ဗူးနဲ့ ရေ ၃ ဗူးသာ ရမယ်လို့ လာကြေညာသွားခဲ့ပါတယ်။

Quarantine ဝင်နေရသူတွေ အများစုဟာ ဂျယ်ဂေါင်မြို့မှာ Lock down မိထားသူတွေ ဖြစ်နေပြီး အလုပ် လုပ်ကိုင်ခွင့် မရရှိခဲ့လို့ ငွေကြေးအဆင်မပြေတဲ့သူတွေ များနေပါတယ်။

လက်ရှိမှာတော့ လူ ဆယ်ယောက်မှာ တစ်ယောက်လောက်သာ ထမင်းစားနိုင်တယ်လို့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။

စင်တာမှာ ပိတ်မိနေတဲ့ ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ ဗိုက်ကြီးသည်နဲ့ ကလေးငယ်တွေလည်း ပါဝင်နေပါတယ်။

“ခေါက်ဆွဲ စကျွေးတဲ့နေ့က မနက်တစ်ခါ ညတစ်ခါ လာပို့သေးတယ်။ အခုက ပုံမှန်မဟုတ်ဘူး။ မနေ့ကဆို မြန်မာနာရီ နေ့လယ် ၂ နာရီမှ လာပို့တယ်။ ဒါတောင် လူတွေက ဗိုက်ဆာလို့ အော်ကြတာ။ အော်တော့မှ အဲအော်တဲ့နေရာကို သူတို့လာပို့ကြတာ။

ညဆိုလည်း လူတွေက တအားအော်တော့ လာဆဲတယ်။ လူတွေက ဗိုက်ဆာနေတာလေ။ အော်တာကလွှဲပြီး မလုပ်တတ်ဘူး။ ရေလည်း မလောက်တော့ သုံးနေတဲ့ရေကိုပဲ ပြန်ကျိုသောက်နေရတယ်” လို့ သူက ​ပြောပါတယ်။

ဒီနေ့မှာလည်း ညနေ ၄ နာရီအချိန်ထိ တာဝန်ရှိသူတွေက ခေါက်ဆွဲဗူး လာမပို့သေးဘူးလို့လည်း ပြောပါတယ်။

လက်ရှိမှာတော့ စင်တာထဲသို့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေဟာ ကိုယ့်နိုင်ငံကို ပြန်လိုကြပြီး နေရပ်ပြန်နိုင်ဖို့အရေး တရုတ်ဘက်ကတော့ တစ်စုံတစ်ရာ ပြောဆိုထားတာတွေ မရှိသေးပါဘူး။

“ဒီမှာက ဘယ်လိုမှ အဆင်မပြေဘူး။ Lock down လည်း မိထားတော့ အလုပ် လုပ်လို့မရဘူး။ ပိုက်ဆံလည်း မရှိဘူး။ အိမ်ကို ပိုက်ဆံ ပြန်တောင်းရအောင်လည်း စင်တာမှာဆိုတော့ တောင်းလို့ အဆင်မပြေဘူး” လို့ ကိုနိုင်လင်းထွန်းက ပြောပါတယ်။

အဲဒီ စင်တာမှာ လူတစ်ဦးကို အခန်းတစ်ခန်း ပေးထားပြီး အပြင်ကနေ သော့ခတ်ထားသလို နေရာတိုင်းလိုလို CCTV တပ်ဆင်ထားပြီး ဓာတ်ပုံရိုက်ခွင့်မရှိ၊ ဓာတ်ပုံတွေကို လူမှုကွန်ရက်ပေါ်မှာ တင်ခွင့်မရှိပဲ တွေ့ရှိရင် ထောင်ဒဏ်အထိ ချမှတ်ခံရနိုင်တယ်လို့ Quarantine ဝင်နေရသူတွေက ပြောပါတယ်။

မူလမှာတော့ Quarantine ဝင်နေရသူတွေက စက်ရုံတစ်ခုမှာ အလုပ်လုပ်မလား။ မြန်မာဘက်ကို ပြန်မလားဆိုပြီး မေးမြန်းရာ အများစုဟာ မြန်မာဘက်ကိုသာ ပြန်ကြမယ်လို့ ပြောဆိုထားပြီး စာရင်းတွေ ပေးထားပေမဲ့လည်း လက်ရှိအချိန်ထိ ပြန်ခွင့်မရကြသေးပေ။

“အခုတောင် ဟိုဘက်အခန်းက အစ်မတစ်ယောက် ပြောလာတယ်။ ဗိုက်အရမ်းဆာနေတယ်တဲ့။ သူ့မှာ အစာအိမ်ရောဂါလည်း ရှိထားတယ်။ နေ့လယ်တောင် ကျော်နေပြီ။ ခေါက်ဆွဲဗူးတွေ လာမပို့ကြသေးဘူး။ အခုနောက်ပိုင်းက တအားအော်မှ လာပို့တာ” လို့ ပြောပါတယ်။

တစ်နေ့လုံး ခေါက်ဆွဲ ၂ ဗူးကိုပင် ပုံမှန်မရတဲ့ အခြေအနေဟာ ထောင်ထက် အခြေအနေ ဆိုးနေတယ်လို့ Quarantine ဝင်နေရသူတွေက ပြောပါတယ်။

လက်ရှိမှာလည်း မြန်မာလုပ်သား အများစုရှိတဲ့ တရုတ်နိုင်ငံ ဂျယ်ဂေါင်မှာ အလုပ်တွေ ပိတ်ထားသလို ရွှေလီမြို့ကိုလည်း ဒီနေ့ကစပြီး ရက်အကန့်သတ်မရှိ Lock down ထပ်ချလိုက်ပါတယ်။

နယ်စပ်တစ်ဝိုက်မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေကိုလည်း တရုတ်ငွေ ယွမ် ၂ သောင်း (မြန်မာငွေ ၂၅ သိန်း)နဲ့အထက် မရှိသူတွေ မြန်မာဘက်ကို ပြန်ကြဖို့ ပြောဆိုထားပြီး စင်တာမှာ ပိတ်မိနေတဲ့ ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေအတွက်တော့ တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိသေးပါဘူး။

#ဓာတ်ပုံ- (တရုတ်နိုင်ငံ ရွှေလီမြို့တွင်း တစ်နေရာ)