ဗဟုသုတ

“ရာဇဝင်ထဲက မင်းဆိုး မင်းညစ်ရဲ့ နိဂုံး”

ပုဂံခေတ် သက္ကရာဇ် ၆၁၇ ခုနှစ်ခန့်တွင် နရသီဟပတေ့မင်းနန်းတက်ပါသည်။

ထိုမင်းသည် ဖခင်လက်ထက်က မိဖုရားအရာ ထားခဲ့သော မိဖုရားစောကိုပင် ဆက်လက်ပြီး မိဖုရားမြှောက်ခဲ့သည်ဟုဆိုသည်။

ပညာအရာတွင် သူမတူအောင် ထင်ရှားသော မိဖုရားကြီးဖြစ်သောကြောင့် မိမိအားထိန်းသိမ်းစောင့်ရှောက်ရန် နေရာပေးထားသည်ဟု ယူဆရပါသည်။

အမျက်စောင်မာန် ကြီးပြီး စဉ်းစားဉာဏ်နည်းလှသဖြင့်လည်း မိဖုရားဖွားစောကသာ နရပတိကို ထိန်းချုပ်ပြီး အုပ်ချုပ်နေခဲ့ရ သည်။

အမတ်ကြီး ရာဇသင်္ကြန်သည် နရပတိကို ထီးနန်းရစေရေး အကူအညီပေးခဲ့ရုံမက အလွန်အထိန်းအုပ် ကောင်းလှသောကြောင့် မင်းတိုင်ပင်အဖြစ် ခန့်ထားခြင်းဖြစ်သည်။

သို့သော်နောက်ပိုင်းတွင် မင်းတိုင်ပင်ဘိုးဘိုးကို ချောင်ထိုးထားသဖြင့် စိတ်နာပြီး ရာဇသင်္ကြန်က “ပန်းပွတ်သည်မြေး” ဟု မျိုးရိုးကိုထိပါးပြီး နှိမ်ခေါ်လိုက်သည်။

နရပတိသည် စိတ်ဆိုးပြီး ရာဇသင်္ကြန်ကို ရာထူးချကာ အောက်အရပ်ဒလသို့ ပို့လိုက်လေတော့သည်။

ရာဇသင်္ကြန်အမတ်ကြီးမရှိတော့လျှင် ရခိုင်နှင့် မုတ္တမစားများက ပုန်ကန်ခြားနားကြတော့သည်။

အနီးတွင် အားကိုးရသော အမတ်ကြီးရာဇသင်္ကြန်လည်းမရှိတော့။ ပညာရှင်ကိုမှီခိုနေကြရသော မင်းတို့ဘဝ ဘာမျှဆက်လုပ်ခြင်းငှာမတတ်သာသဖြင့် မှိုင်တွေ နေချိန်၌ မိဖုရားစောက မင်းကြီးကို ရာဇသင်္ကြန်အားပြန်ခေါ်ပြီးတိုင်ပင်ရန် အကြံပေးရသည်။

ရာဇသင်္ကြန် ရောက်လာမှ ရခိုင်နှင့် မုတ္တမအရေးကို ငြိမ်းအေးရန် စီမံခဲ့ရသည်။သက္ကရာဇ် ၆၄၆ ခုနှစ်တွင် ပုဂံကို တရုတ်တို့ဝင်ဖျက်သည်။

နရပတိလည်း မခုခံနိုင်သောကြောင့် အောက်ဘက် ပုသိမ်သို့ ထွက် ပြေးရသည်။ ထို့ကြောင့် တရုတ်ပြေးမင်းဟုတွင်ပါသည်။

နရပတိသည် ပွဲတော်တစ်ခါတည်လျှင် ဟင်းခွက် သုံးရာပြည့်မှသာ ပွဲတော်တည်လေ့ရှိသည်ဟုဆိုသည်။ ပုသိမ်အပြေးတွင် ဟင်းခွက် တစ်ရာ့ငါးဆယ်သာစားရသောကြောင့် မျက်ရည်ကျသည်။

မိဖုရာဖွားစောက တရားသဘောဆင်ခြင်ရန်ပြောပြီး ဖြေသိမ့်ရသည်။အနေအထိုင်ဆင်းရဲခြင်းကို မခံနိုင်သောကြောင့် နရပတိက ပုဂံကိုပြန်ရန် မိဖုရားဖွားစောနှင့်တိုင်ပင်သည်။

ထိုအချိန်တွင် မိဖုရားဖွားစောက နရပတိကို လျှောက်ထားသည့်စကားများမှာ သမိုင်းဝင် ဆုံးမစကားများဖြစ်တော့သည်။

မင်းတစ်ပါး အနေဖြင့် အုပ်စိုးစဉ်ကာလတွင် ပြည်သူအပေါ် အလွန်အမင်း ဖိနှိပ်ချုပ်ချယ်လွန်းသောကြောင့် လက်ခံနိုင်ဖွယ်ရာ အကြောင်း မရှိဟု မိဖုရားကြီးကဆိုသည်။

မိဖုရားကြီးက“မင်းကြီး ပြည့်ဝမ်းကိုဖောက်သောသူ၊ ပြည့်ဦးကင်းကိုနှိမ်သောသူ၊ ပြည့်တံခွန်ကို လှဲသောသူ၊ ပြည့်မျက်စိကို ဖောက်ထုတ်သူ၊ ပြည့်အစွယ်ကိုချိုးသူ၊ ပြည့်မျက်နှာကိုဖျက်သူ၊ ပြည့်ခြေပြည့်လက်က ိုဖြတ်သောသူတို့သည် ဒုက္ခတွေ့ရမည်သာတည်း” ဟု ဆိုလိုက်ပါသည်။

အလွန်တန်ဖိုးရှိလှသော မင်းကျင့်တရားများနှင့်ဆိုင်သော ဆုံးမစကားဟုဆိုရပေလိမ့်မည်။မိဖုရားကြီးဖွားစော တင်စားခဲ့သော ပြည့်ဝမ်းဆိုသည်မှာသူဌေးသူကြွယ်များဖြစ်သည်။

ပြည့်ဦးကင်းဆိုသည်မှာ မှူးကြီးမတ် ကြီးများဖြစ်သည်။

ပြည့်တံခွန်ဆိုသည်မှာ ရဟန်းသူတော်ကောင်းများဖြစ်သည်။

ပြည့်မျက်စိဆိုသည်မှာ စာတတ်ပေတတ် ပညာရှိများဖြစ်သည်။

ပြည့်အစွယ်ဆိုသည်မှာ မင်းညီမင်းသားများဖြစ်သည်။

ပြည့်မျက်နှာဆိုသည်မှာ သားပျို၊ သမီးပျို ပြည်သူတို့ဖြစ်သည်။

ပြည့်ခြေ ပြည့်လက်ဆိုသည်မှာ ရဲမက်စစ်သည်တို့ဖြစ်သည်။

အားလုံးကို ညီညွတ်မျှတစွာ အလေးထားဆက်ဆံရမည့်အစား စိတ်မထင်လျှင် မထင်သလို နှိပ်ကွပ်သတ်ဖြတ်နေသော မင်းဖြစ်သောကြောင့် ပြည်သူသည် အရေးကြုံလာလျှင် မိမိဘက်ကရပ်တည်ပေးနိုင်ဖွယ်မရှိ။

သို့ဖြစ်ရာ ပုဂံသို့မပြန်ဘဲ နေလိုက် ခြင်းကပိုကောင်း၏ဟုဆုံးမသည်။သို့သော်မင်းအာဏာနှင့်စည်းစိမ်ကို မက်သော နရပတိသည်ပုဂံသို့ပြန်သည်။

ပြည်မြို့သို့အရောက်တွင် သားတော်ပြည်စား သီဟသူက လှေပေါ်တက်လာပြီး စားတော်အုပ်လာဆက်သည်။

မိဖုရားကြီးက စားတော်အုပ်ထဲတွင် အဆိပ်ခတ်ထားမှန်း သိသည်။

သို့ဖြစ်ရာ နရပတိအနားကပ်ပြီး

“မင်းကြီး စားတော်အုပ်စားလည်း အဆိပ်ဖြင့်သေရမည်။

စားတော်အုပ်ကို မစားလည်း ဓားလှံလက်နက်များဖြင့် သတ်ရန် ပြင် ဆင်ထားကြသည်။ အသင်မင်းကြီး ကြိုက်သလိုသာသေရန် စီစဉ်ပါလေ” ဟုဆိုလိုက်သည်။

နရပတိကလည်း

“ငါသည် ဖြစ်လေရာဘဝတွင် သားယောက်ျားမရသည် ဖြစ်ရပါလို” ဟုဆုတောင်းကာ အဆိပ်ခတ်ထားသည့် ဆွမ်းအုပ်ကို စားလိုက်ပြီး အနိစ္စရောက်လေသည်။

ပြည်သူအပေါ် ကြမ်းတမ်းယုတ်မာသော မင်းဆိုးမင်းညစ်တို့သည် တစ်နည်းမဟုတ် တစ်နည်းဖြင့် ပြုတ်ကျသေလွန်ရသည်သာ ဖြစ်သည်။

သမိုင်းတွင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော မင်းတို့ကား ပြည်သူအပေါ် ရက်စက်ယုတ်မာသလောက် အသေဆိုး ဖြင့် သေကြရသူများဖြစ်တော့သည်။

Credit: Kyaw Bala