အာဏာသိမ်းပွဲမှန်သမျှ သည် တိုတိုတောင်းတောင်း နှင့် လျှင်လျှင်မြန်မြန် ထိန်းချုပ်နိုင်ရန် ရည်ရွယ် ပြုလုပ်ခဲ့ ခြင်းမျိုးသာ ဖြစ်သည်။ ထိုသို့ ဖြစ်မလာပါက မအောင်မြင်ဟု ယူဆရမည်ဖြစ်သည်။ မြန်မာတွင် စစ်ကောင်စီ သည် ယခုတိုင် တိုင်းပြည်ကို ထိန်းချုပ်နိုင်စွမ်း မရှိ ဖြစ်လာနေသည်။
အောက်ခြေ စစ်သားများထဲတွင်လည်း ထိုသို့ မရေမရာ အနေအထားကြီး နှင့် မည်မျှ ကြာအောင် လမ်းပေါ်တွင် ကြွက် နှင့် ကြောင်လို ပြေးတမ်းလိုက်တမ်း ကစားနေရဦးမည်နည်း၊ မကြာမီ အတွင်း တိုင်းရင်းသား လက်နက် ကိုင်များ PDF များ နှင့် တိုက်ရပေဦးမည် ဆိုကာ စိတ်ဓါတ်များ ကျဆင်းလာနေသည်။
ထိုမျှသာမကသေး ကော်ရိုနာ ဗိုင်းရပ်စ်ကြီးကလည်း ၎င်းတို့ကို ချမ်းသာမပေးဘဲ မညှာမတာ တိုက်ခိုက်ခြင်း ခံလာနေရချိန်တွင် စစ်ဆေးရုံပင် တက်ခွင့်မရအောင် ဖြစ်လာသည်ကို အလန့်တကြား သိရှိလာကြသည်။ အဘ ဆိုသူများကလည်း ၎င်းတို့ ဇနီးမယား သားသမီးများ၏ အသက်ကို ကာကွယ်ပေးနိုင်စွမ်း မရှိသည့် အဖြစ်ကိုပါ နားလည်လာကြသည်။
လမ်းများပေါ်တွင်လည်း လူအများက အောက်စီဂျင် အိုး ရဖို့၊ မိမိတို့ လူနာများကို မည်သည့် ဆေးရုံကများ လက်ခံကုသပေးနိုင်မည်နည်း ဆိုကာ အလုအယက် ပြေးလွှား နေသူများနှင့် ပြည့်နှက်လာနေသည်။ မီးသင်္ဂြိုလ် စက်များတွင်လည်း အလောင်းများ စုပြုံလာနေသည်။
တိုင်းပြည် အာဏာကို လက်နက်အားကိုးဖြင့် သိမ်းယူထားသည့် အဖြစ်ကို သတိမရနိုင်ကြတော့၊ သို့သော် အာဏာရူးများကတော ထိုအနေအထားကို အခွင့်ကောင်းယူကာ မည်သို့မည်ပုံ ဆက်၍ ချုပ်ကိုင်သွားရမည်ကို ကြိတ်၍ ကြံစည်ခဲ့ကြသည်။ မည်သို့မျှ မထင်မှတ် ချိန်တွင် အာဏာသိမ်း ခေါင်းဆောင်မှ သူ့ကိုယ်သူ ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ပြီး အိမ်စောင့် အစိုးရဟု အမည် ပြောင်းကာ အုပ်ချုပ်သွားတော့မည့် အကြောင်း စိတ်ပျက် တွေဝေနေကြသော လူထုကြီးကို အသိပေးလာခဲ့သည်။
စစ်ကောင်စီ ကိုလည်း ဖျက်သိမ်းခြင်း မရှိပါဘဲလျှက် အိမ်စောင့်အစိုးရ ဟု ဒီပုတ်ထဲက ဒီပဲများ ဖြင့် အမည် ပြောင်းလာခြင်းကပင် သူအား သွားလေရာတွင် ဝန်ကြီးချုပ် အဆင့်အတန်း နှင့် နေရာပေး ဆက်ဆံ လိုခြင်း ကြောင့်ဖြစ်သည်။ ရုရှား ခရီးစဉ်တွင် ဟိုတယ် ဧည့်ကြိုကားလေးနှင့် ကြိုဆိုခြင်း ခံခဲ့ရ၍ အရှက်တကွဲ ဖြစ်ခဲ့ရခြင်းကို သင်ခန်းစာ ယူလိုပုံရှိသည်။
မင်းအောင်လှိုင် ၏ လုပ်ရပ်သည် မိမိတို့ ဖြစ်စေချင်သည့် လမ်းကြောင်းနှင့် ပြောင်းပြန် ဖြစ်နေပြီး ကပ်ရောဂါ ကြီး နှင့် အတူ ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်လာနေပြီး နိုင်ငံတကာ မှ တစုတစည်းတည်း ရပ်တည် တုန့်ပြန်သွားဖို့ လွန်စွာ အရေးကြီးနေပြီဟု ကုလ သမဂ္ဂ ပြောခွင့်ရ စတီဖန် ဒူဂျာရစ်က ပြောဆို လိုက်သည်။
ယခုအခါ ကုလ လုံခြုံရေး ကောင်စီ ဥက္ကဌ ဖြစ်သူ အိန္ဒိယ သံအမတ်ကြီး တီရူမူတီး က လက်ရှိ အာဆီယံ အစည်း အဝေး ရလဒ်များကို ကြည့်၍ တပတ် နှစ်ပတ် အတွင်း မိမိတို့ ဘာဆက်လုပ်ရမည်ကို သုံးသပ်သွား မည်ဟု ဆိုသည်။
လက်ရှိ အွန်လိုင်းမှ ကျင်းပနေသော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် ခြောက်လကြာလာ သည့်တိုင် မြန်မာနိုင်ငံ ၏ အခြေအနေများသည် လွန်စွာ စိုးရိမ်ဖွယ် ကောင်းနေ၍ မိမိတို့ သဘောတူ ထားသော အချက် ငါးချက်ကို အမြန်ဆုံး အကောင်အထည် ဖေါ်ရန် စင်္ကာပူ က တိုက်တွန်းလာသည်။
အာဆီယံ အဖွဲ့ဝင် နိုင်ငံချင်း တူပါလျှက် ၎င်းတို့ကြောင့် တိုင်းပြည်ပျက်မတတ် ပြောဆိုခံနေရခြင်းကို ရှက်ရ ကောင်းမှန်း မသိကြပေ။
မည်သို့သော အမည်များ ပြောင်းစေကာမူ သံပတ်ပေးထားသော စစ်ဗိုလ်ချုပ် အရုပ်များ နှင့် ဖွဲ့စည်းထားသော အာဏာသိမ်း အဖွဲ့သည် တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်သွားရန်၊ အားကိုးအားထားပြုရန် မည်သို့မျှ အရည် အချင်း မပြည့်သူများ ဖြစ်သည်ကို လက်ရှိ ရင်ဆိုင်နေရသော ကပ်ရောဂါဆိုးကြီး က မီးမောင်း ထိုးပြလိုက်ပြီ ဖြစ်သည်။
အဆိုပါ ကပ်ရောဂါဆိုးကြီးကြောင့် စီးပွားရေး လုပ်ငန်းများ အနေအထား ပျက်ပြားသွားနေခြင်းကို ပြန်လည် ထိန်းညှိပေးနိုင်စွမ်း မရှိသည့်အပြင် ရုံးများ ကျောင်းများ ပိတ်ထားခြင်းကြောင့် ကူးစက်မှု နှုန်း ကျသည် ဆိုကာ ထပ်၍ တိုးချဲ့ ပိတ်ပင်သွားရန်ပင် ပြောဆိုလာကြသည်။
သို့သော်လည်း အာဏာသိမ်း အဖွဲ့သည် အောက်စီဂျင် ဖြန့်ဖြူးရောင်းချနေမှု ကို ကန့်သတ်နေသည့်အပြင် ဆေးရုံများကလည်း လူနာများကို လက်ခံ ကုသပေးနိုင်ခြင်း မရှိ၍ သေဆုံးမှုနှုန်းများက မြင့်တက်လျှက် ရှိနေဆဲ ဖြစ်သည်ဟု Frontier Myanmar တွင် ရေးသားထားသည်။
ယခင်က ကျောင်းများကို အတင်းအကြပ် ဖွင့်ခဲ့ပြီး ကလေးများ ကို သေနတ်နှင့် ချိန်ကာ စာသင်ကျောင်းထဲ မောင်း သွင်းခဲ့ကြသည်။ ကျောင်းလာမတက်လျှင် မိဘများ နှင့် ကျောင်းအုပ်များကို ဖမ်းလားဆီးလားပင် လုပ်ခဲ့ ကြသည်။ ကလေးများသည် ငယ်ရွယ်သူများ ဖြစ်သဖြင့် ကိုဗစ် ရောဂါပိုး ကို ခံနိုင်စွမ်း ရှိ၍ မသိသာ လှသော် လည်း ၎င်းတို့ ထံမှကူးစက်ခံရသော မိဘများ အဖို့ သေမင်းနှင့် စစ်ခင်းခဲ့ကြရသည်။
ယခုအခါ NUG သည် စစ်မျက်နှာ ကို နယူးယောက် သို့ ရွှေ့ပြောင်းတိုက်ခိုက်ရန် အားယူလာနေသည်။ လာမည့် ကုလ အထွေထွေ ညီလာခံကြီး တွင် လက်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပင် ဆက်လက် အသိအမှတ်ပြု ခံရရေး အတွက် စစ်ကောင်စီ နှင့် အားပြိုင်ကြဖို့ ရှိနေသည်။ စစ်တပ်မှ ဦးကျော်မိုးထွန်းအား ဖယ်ရှားနိုင်ရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း အချည်းနှီး ဖြစ်နေဆဲပင်။
လက်ရှိတွင် NUG သည် ချက် နိုင်ငံ မြို့တော် ပရာဂ် နှင့် ဝါရှင်တန် အနီးတွင် ကိုယ်စားလှယ် ရုံးများ ဖွင့်လှစ်လာ နိုင်ခဲ့သည်။ အနောက်နိုင်ငံများရှိ နိုင်ငံရေး သမားများ၏ ထောက်ခံမှုကိုလည်း အခိုင်အမာ ရရှိထားပြီး ဖြစ်သည်။ နိုင်ငံတကာ နယ်ပယ်တွင် စစ်ကောင်စီ မရနိုင်သည့် အသိအမှတ်ပြု ဆက်ဆံမှုများ တိုး၍ တိုး၍ ရရှိလာနေသည်။ အနောက်နိုင်ငံများကလည်း NUG မှ အစိုးရ ပုံစံ တရပ်အဖြစ် အပီအပြင် ထွက်ပေါ်လာအောင် နိုင်ငံရေး၊ စီးပွား ရေးဆိုင်ရာ မူဝါဒ ရေးရာ ကြေညာချက် ထုတ်ပြန်နေခြင်းကို အားပေးအားမြှောက်ပြုခဲ့ကြသည်။ သို့မှလည်း ပြည်သူများ၏ လေးစား ယုံကြည်မှုကို ရရှိမည် ဖြစ်သည်ဟု ယူဆသည်။
သို့သော် မည်သည့် အာဏာရှင် တဦးတလေကိုမှ သံတမန် နည်း အရ ဖိအားပေးမှုမျိုး နှင့် ဖြုတ်ချနိုင်ခဲ့ခြင်း မရှိသေး၊ ၎င်းတို့ ထံမှ ရံပုံငွေ၊ လက်နက် နှင့် စိတ်ဓါတ်ရေးရာ ထောက်ခံမှု မျိုး အတွက်သာ အသုံးချ ဆက်ဆံ သွားသင့်သည်။ အနောက်တိုင်း နိုင်ငံရေး သမားများက ၎င်းတို့ နိုင်ငံသားများ ရှေ့မှောက်တွင် ဒီမိုကရေစီ တိုက်ပွဲဝင်သူများ အဖြစ် ပုံဖော်ပြနိုင်လောက်ရုံ မိမိတို့အား အသုံးချသွားမည့် အဖြစ်မျိုး ကို သတိထားရမည် ဖြစ်သည်။
NUG ၏ သံတမန်ရေး ထိုးစစ်က အရာထင်လာခဲ့သည်။ ဇွန်လ အတွင်း ပြုလုပ်သော ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီး တွင် စစ်တပ်၏ အာဏာသိမ်း လုပ်ရပ်ကို ရှုတ်ချကြောင်း အောင်မြင်စွာ မဲခွဲ အတည်ပြု နိုင်ခဲ့သည်။
အာဏာသိမ်း အဖွဲ့သည် ကုလသမဂ္ဂ မှ ခန့်အပ်ထားသော ကိုယ်စားလှယ် တဦးတလေကိုမျှ ပြည်ဝင်ခွင့် မပြု ခဲ့ခြင်းကြောင့်လည်း ၎င်းတို့ ကိုယ်စားလှယ်ကို အတည်ပြု သွားဖို့ ဆိုသည်က မဖြစ်နိုင်ပေ။ အာဏာသိမ်း အဖွဲ့အား ဆန့်ကျင် ရှုတ်ချကြောင်း မဲထည့် ခဲ့ကြသည့် နိုင်ငံများကလည်း ၎င်းတို့ အပေါ် သဘောထား ပြောင်းလာစရာ မရှိပေ။
မင်းအောင်လှိုင်သည် နိုင်ငံတကာတွင် ၎င်းတို့လူတော မတိုး ဖြစ်နေသည့်အရေးသည် စစ်ကောင်စီ အမည် တပ်ထား၍ ဖြစ်မည်ဟု သူ၏ အသိဉာဏ်လေးဖြင့် ဆုံးဖြတ်ပြီး အိမ်စောင့် အစိုးရဟု မဆီမဆိုင် အမည် ပြောင်းကာ တိုးဝင်နိုင်ဖို့ ဆုံးဖြတ်လာသည်။
အာဏာသိမ်း အဖွဲ့မှ နောက်ထပ် မျှော်လင့်နေသည်မှာ လက်ရှိ အဖက်ဖက်မှ ဆိုးရွားကျပ်တည်းလာနေသော အခြေအနေများကြောင့် ကုလသမဂ္ဂမှ လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးရန် အဝင် အထွက် လုပ်လိုပါက ဦးကျော်မိုးထွန်းကို အရင် ဖယ်ရှားပေးရန်အကျပ်ကိုင် နိုင်မည်ဟု မျှော်လင့်နေပုံရှိသည်။
ထို့အတွက် လက်ရှိတွင် NUG မှ ကုလ တွင် ဆက်လက် ကိုယ်စားပြုနိုင်မည် ဆိုသည်ကို ကြိမ်းသေပေါက် ပြော၍ မရသေးပြန်ပေ။
မည်သို့ပင် ဖြစ်စေ အဖက်ဖက်မှ တိုးတက်လာနေသော နည်းပညာ ခေတ်ကြီးတွင် ပြည်သူများအား ပါးစပ်ပိတ် မျက်စိပိတ်ပြီး ဘာမှ ပြောဆို ဝေဖန် နိုင်ခြင်း မရှိအောင် လုပ်ပြီး အုပ်ချုပ်သွားရန် ကြံနေခြင်းကပင် သူရူးတယောက်၏ ဆောင်းတွင်း အိမ်မက် ဂယောက်ဂယက် အဖြစ်ထက် မပိုဟု ဆိုရမည်သာ ဖြစ်သည်။
အာဏာသိမ်း တပ်ဖွဲ့မှ ဒုတိယ ဗိုလ်မှူးကြီး အဆင့်ရှိသူ ကို သုတ်သင်နိုင်ခဲ့သော ချင်းလန်း ကာကွယ်ရေး တပ်ဖွဲ့မှ အပြီးသတ် စစ်ပွဲကို တိုက်ခိုက်နိုင်ရန် အဆင်သင့် ပြင်ဆင်ထားပြီး NUG ၏ အချက်ပေးမှုကို စောင့်နေပြီ ဖြစ်သည်ဟု ထုတ်ဖေါ်ပြောဆိုလိုက်ပြီ ဖြစ်သည်။
အရေးတော်ပုံ အောင်ရမည်!!!
Photo – Frontier Myanmar
Hla Soe Wai