မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်( PDF) ခေါင်းဆောင် တစ်ဦးဖြစ်သည့် ကိုဖိုးဌေးသည် စစ်ဆင်ရေး တစ်ခုအတွင်း အဖွဲ့ဝင်များကို ကာကွယ်ရင်း အကြမ်းဖက်စစ်ကောင်စီ တပ်သားများ၏ ပစ်ခတ်မှုကြောင့် ကျဆုံးသွားကြောင်းသိရသည်။
ပစ်ခတ်ချိန် လေးမိနစ်ခန့်ကြာမြင့်ခဲ့ပြီး အတူပိတ်မိနေသူ သုံးဦးမှာ အသက်ရှင်လျှက် လွတ်မြောက်သွားကြောင်း PDF အဖွဲ့ဝင် တစ်ဦးက ပြောသည်။
“အဲဒီနေ့က အခြားမစ်ရှင်တစ်ခုအတွက် ကျွန်တော်တို့က တစ်သုတ် ပြီးတစ်သုတ်ခွဲသွားကြတာ၊ သူတို့ဘယ်လိုသတင်းကြိုရလဲတော့မသိဘူး၊ အဲ့ဒီဗဟင်းရွာ ရဲစခန်းနားအရောက်မှာ ရဲတွေရောစစ်သားတွေရော လမ်းမပေါ်ကိုရောက်လာပြီး နှစ်ဖက်ညှပ်ပစ်ကြတာ၊ ပိတ်မိတာကလေးယောက်၊ ကျွန်တော်တို့ရဲ့ခေါင်းဆောင်က မင်းတို့လွတ်အောင်ပြေးဆိုပြီး သူတို့ကို ခံပစ်တာ၊ အဲဒီမှာ သူ့အသက်ပေးသွားခဲ့ရတာပါ” ဟု ယင်းဖြစ်စဉ်ကို ကြုံတွေ့ခဲ့ရသည့် PDF အဖွဲ့ဝင် တစ်ဦးက ပြောသည်။
ဩဂုတ်လ ၁ရက် ညနေ ခင်းတွင် မြိုင်မြို့အနောက်ဖက် ၁၅ မိုင်ခန့်အကွာ ဗဟင်းကျေးရွာ ရဲစခန်းအရှေ့တွင် စစ်ကောင်စီ တပ်သား အင်အား ၂၀ ခန့်၏ နှစ်ဖက်ညှပ် ပိတ်ဆို့ ပစ်ခတ်မှုကို PDF အဖွဲ့ဝင်များ ကြုံခဲ့ရခြင်းဖြစ်သည်။
“ကားတွေနဲ့တလကြမ်းဝင်လာတာ၊ ခေါင်းဆောင်က ပြန်ပစ်တော့သူတို့တန့်သွားပြီး အပြန်အလှန်ပစ်နေချိန် အင်အားမမျှမှန်းသိတော့ အငယ်တွေကို အတင်းပြေးခိုင်းတာ၊ အဲဒီသုံးယောက်ကတော့လွတ်သွားတယ်၊ ပွန်းပဲ့ရာလောက်ပဲရှိတယ်၊ ဘာဒဏ်ရာမှမရဘူး” ဟု အဖွဲ့ဝင် တစ်ဦးက ဆိုသည်။
ကျဆုံးသွားသည့် PDF ခေါင်းဆောင် ကိုဖိုးဌေးသည် အသက် ၄၀ ဝန်းကျင် အရွယ်ဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်များ အားကောင်းချိန်က မြိုင်မြို့နယ် သပိတ်စစ်ကြောင်းအား ဦးဆောင်ချီတက်ခဲ့သူဖြစ်သည်။
ရရာလက်နက်ဆွဲကိုင်တော်လှန်နေသည့် ယခုလိုကာလတွင်လည်း လူငယ်များကိုဦးဆောင်ကာ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ခေါင်းဆောင်တစ်ဦးအဖြစ် စစ်အာဏာရှင်ကို တွန်းလှန်တိုက်ထုတ်နေသူဖြစ်သည်။
သူသည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(မြိုင်မြို့နယ် ) ၏ အလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်သည်။
ကိုဖိုးဌေးကျဆုံးရခြင်းအတွက် မြိုင်ပြည်သူ့ကာကွယ်ရေးတပ်သားများ စိတ်ထိခိုက်ဝမ်းနည်းရသလို မြိုင်မြို့နယ်အတွက်လည်းကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ်ဟု ကာကွယ်ရေးတပ်သားတစ်ဦးကဆိုသည်။
“သူကသိပ်ကိုသဘောထားကောင်းသလို ခေါင်းဆောင်ကောင်းတစ်ယောက်လဲဖြစ်တယ်၊ အငယ်တွေကို ဦးဆောင်နိုင်သလို စနစ်တကျလည်းသင်ကြားပေးတယ်၊ ခုပဲကြည့်လေ အငယ်တွေအတွက်အသက်ပေးကာကွယ်သွားတယ်၊ သူသေဆုံးရတာကမြိုင်မြို့နယ်အတွက်တော့ကြီးမားတဲ့ဆုံးရှုံးမှုပါပဲ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ စစ်အာဏာရှင် မပြုတ်ကျမချင်းဆက်ပြီး တိုက်နေဦးမယ်” ဟု ၎င်းက ဆိုသည်။
ကျဆုံးခဲ့သည့် ကိုဖိုးဌေးတွင် သားနှစ်ဦးနှင့် သမီးတစ်ဦးရှိကြောင်းသိရပြီး မိသားစုများမှာ လက်ရှိတွင် လုံခြုံရာသို့ တိမ်းရှောင်နေရသည်။
ကိုဖိုးဌေးဦးဆောင်သည့် မြိုင်ပြည်သူ့ကာကွယ်ရေးတပ်များသည် ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တိုက်ပွဲများတွင် ပါဝင်တိုက်ပွဲဝင်ခဲ့သည်မှာ လေးပွဲရှိပြီဖြစ်သည်