လာမယ့် ၃ လတာ ကာလအတွင်း ငတ်မွတ်မှု ကြုံရနိုင်တဲ့ နိုင်ငံပေါင်း ၂၃ ခုအထိ ရှိလာနိုင်ပြီး အဲဒီထဲမှာ စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံလည်း ပါဝင်တယ်လို့ ဒီနေ့ ထုတ်ပြန်တဲ့ ကုလ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာအဖွဲ့တို့ရဲ့ အစီရင်ခံစာမှာ သတိပေးထားပါတယ်။
(FAO) နဲ့ (WFP) တို့ရဲ့ ဖေါ်ပြချက်အရ အာဖရိကတိုက်ရှိ အီသီယိုပီးယားက တီဂရေးနယ်မြေ၊ မာဒါဂါစကာ၊ ယီမင်၊ တောင်ဆူဒန်နဲ့ နိုင်ဂျီးရီးယား မြောက်ပိုင်းတို့ဟာ သြဂုတ်နဲ့ နိုဝင်ဘာကြားမှာ ငတ်မွတ်မှုကပ်ဘေးကို အဆိုးရွားဆုံး ရင်ဆိုင်ရမယ့် နိုင်ငံ ၅ ခုဖြစ်တယ်လို့ သိရပါတယ်။
လူသားချင်းစာနာမှုအကူအညီ အချိန်မီမပေးနိုင်ဘူးဆိုရင် တီဂရေးဒေသမှာ အစာငတ်မှုကြောင့် သေဆုံးသူ ၄ သိန်းအထိရှိနိုင်တယ်လို့ ဒီအဖွဲ့တွေက ခန့်မှန်းထားပြီး ဒါဟာ ၂၀၁၁ ခုနှစ် အငတ်ဘေးနောက်ပိုင်း အကြီးမားဆုံးဖြစ်ပါတယ်။
မာဒါဂါစကာမှာတော့ နှစ် ၄၀ အတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုကိုရင်ဆိုင်နေရပြီး သီးနှံစိုက်ပျိုးလို့မရဖြစ်နေပါတယ်။ ဒါကြောင့် လူပေါင်း ၁၄, ၀၀၀ ခန့် အငတ်ဘေးကြုံရနိုင်တယ်လို့ ကုလ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။
“အချိန်မီ ကူညီမှုမပေးနိုင်ဘူးဆိုရင် ကမ္ဘာပေါ်ရှိ လူပေါင်း ၄၁ သန်းဟာ အစာငတ်မှု၊ လုံလောက်တဲ့ အစာမရမှုနဲ့ ရင်ဆိုင်ရဖို့ရှိနေပါတယ်” လို့ ရောမအခြေစိုက် စားနပ်ရီက္ခာအဖွဲ့ရဲ့ အစီရင်ခံစာက သတိပေးထားပါတယ်။
နိုင်ငံ ၂၃ ခုအထိ အငတ်ဘေးကိုရင်ဆိုင်ရဖွယ်ရှိနေပြီး “ဒီဒေသတွေမှာ ကြီးမားတဲ့ ပဋိပက္ခတွေကိုရင်ဆိုင်နေရတဲ့အပြင် ကိုဗစ်ရောဂါဆိုးကိုလည်း ခံစားနေရတာကြောင့်ဖြစ်တယ်” လို့ ဒီအဖွဲ့တွေက ထောက်ပြထားပါတယ်။
အကျိုးဆက်အဖြစ် အစာဈေးနှုန်းတွေမြင့်တက်တာ၊ အစာသယ်ယူခွင့်ကို ကန့်သတ်တာ၊ ဈေးတွေကို အကန့်အသတ်နဲ့သာဖွင့်ပေးတာ၊ ငွေကြေးဖောင်းပွတာ၊ သီနှံအထွက်နှုန်းကျတာ တွေဖြစ်လာနေပါတယ်။
ဒါကြောင့် ရှေ့မှာဖေါ်ပြခဲ့တဲံ ၅ နိုင်ငံအပြင် နောက်ထပ် ၈ နိုင်ငံဖြစ်တဲ့ အာဖဂန်၊ ဘာကီနာ ဖာဆို၊ အလယ်အာဖရီက၊ ကွန်ဂို၊ ဟေတီ၊ ဟွန်းဒူးရပ်၊ ဆူဒန်နဲ့ ဆီးရီးယားတို့လည်း စိုးရိမ်ဖွယ်စာရင်းထဲပါလာနေပါတယ်။
ဒါ့အပြင် ဆိုမာလီ၊ ဂွာတီမာလာနဲ့ နိုင်ဂါတို့လည်း စိုးရိမ်ရတဲ့စာရင်းထဲပါဝင်ပြီး ပင်နီဇွဲလားကတော့ အချက်အလက်အသေးစိပ်မရသေးဘူးဆိုပါတယ်။
အခုနောက်ဆုံးတိုးလာတဲ့ ၆ နိုင်ငံစာရင်းထဲမှာတော့ ချတ်၊ ကိုလံဘီယာ၊ မြောက်ကိုးရီးယား၊ မြန်မာ၊ ကင်ညာနဲ့ နီကာရာဂွါတို့ ပါဝင်တယ်လို့ (FAO) နဲ့ (WFP) တို့ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြ ထားပါတယ်။
Source: AP