ဗဟုသုတ

ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ် လွတ်ပြီ

စစ်ကောင်စီက မတရားဖမ်းဆီးခြင်းခံထားရတဲ့ ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ်ကို ဒီကနေ့ ဩဂုတ်လ ၂ရက် မနက် ၄နာရီခန့်မှာ ပုသိမ်အကျဉ်းထောင်ကနေ ပြန်လွတ်လာပြီလို့ သိရပါတယ်။

လာရောက်ကြိုဆိုသူတွေနဲ့ လူစုလူဝေးဖြစ်မှာစိုးတာကြောင့် ညအချိန်ကတည်းက ကားတစ်စင်း ခေါ်ယူထားပြီး မနက်အစောပိုင်းမှာ လွှတ်ပေးခဲ့တာလို့ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အကျဉ်းထောင်က လွှတ်ပေးပြီးနောက် ပုသိမ်နယ်မြေရဲစခန်းက အမှုဖွင့်တရားစွဲဆိုထားတာကို သွားရောက်ပိတ်သိမ်းခဲ့ပြီး နေ့လည် ၁၁နာရီခန့်မှာ ပုသိမ်မြို့က နေအိမ်ကို ရောက်ရှိပြီး ပစ္စည်းတွေ သိမ်းဆည်းနေခဲ့တယ်လို့ ဒေါက်တာသန်းမင်းထွဋ်ရဲ့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပင်းတယမီးအိမ်ရှင်ဒေါက်တာသန်းမင်းထွဋ်ကို စစ်ကောင်စီက နေပြည်တော်ကို ပို့ဆောင်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ အတည်ပြုနိုင်ခြင်းမရှိသေးသလို ဆရာကြီးအနီးမှာလည်း စစ်ကောင်စီလက်အောက်ခံတွေက အရပ်ဝတ်တွေနဲ့ စောင့်ကြည့်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပုသိမ်အကျဉ်းထောင်ကနေ ဒေါက်တာသန်းမင်းထွဋ်တစ်ဦးသာ လွတ်လာတာဖြစ်ပြီး သူနဲ့အတူ CDM လုပ်ထားတဲ့ ပြည်သူ့ဝန်ထမ်းတွေနဲ့ NLD အစိုးရလက်ထပ် ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ကို အမှုရုပ်သိမ်းလွှတ်ပေးမယ်လို့ စာရင်းထွက်ပေါ်ထားပေမယ့် လွှတ်ပေးခြင်းတော့ မရှိသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်ကနေ ဇူလိုင်လ ၃၁ ရက်အထိ သေဆုံးသူ ၉၄၀ ဦးရှိပြီး ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၅၄၄၄ ဦးအထိ ရှိနေပါတယ်။