News

“ပြီးခဲ့သည့် ၅နှစ် ဗုဒ္ဓဘာသာဝင်များ စိတ်အား ညှိုးငယ်ဖွယ်ရာများနှင့် ကြုံခဲ့ဟု စစ်ခေါင်းဆောင်ပြော”

NLD အစိုးရ အုပ်ချုပ်ခဲ့သည့် ၅နှစ်ကာလအတွင်း ဗုဒ္ဓဘာသာဝင်များမှာစိတ်အား ညှိးငယ်ဖွယ်ရာများနှင့် ကြုံခဲ့ရ ကြောင်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်အာဏာသိမ်းခြင်း ၆လပြည့်အတွက် မြဝတီရုပ်သံမှ စကားပြောဆိုရာတွင် ထည့်သွင်းပြောခဲ့သည်။

သူ၏ မိန့်ခွန်းတွင် “ကျနော်တို့ နိုင်ငံဟာ ဗုဒ္ဓဘာသာ အဓိက ကိုးကွယ်သည့်နိုင်ငံဖြစ်ပါတယ်၊ ပြီးခဲ့သည့် ၅နှစ်အတွင်း ဗုဒ္ဓဘာသာဝင်များအတွက် စိတ်အား ညှိးငယ်ဖွယ်ရာများနှင့် ကြုံခဲ့ရပါတယ်။ ကျနော်တို့ တာဝန်ယူပြီးချိန်က စပြီး အခြေခံဥပဒေ ပြဋ္ဌာန်းချက်များနှင့် အညီ သက်ဝင်ယုံကြည်မှု မပျက်စေရန် ကျနော်အလေးထား ဆောင်ရွက်ခဲ့ပါတယ်” ဟု ပါရှိသည်။

အာဏာသိမ်း ခေါင်းဆောင်အနေဖြင့် မည်သည့်အချက် ရည်ရွယ်၍ မည်သည့်အတွက် ထည့်သွင်းပြောကြားသည့် အကြောင်းအရင်းကို မသိရ သော်လည်း လက်ရှိ စစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်နေမှုများ တရားမဲ့ပြုကျင့်နေမှုများ၊ ကိုဗစ်ကပ်ရောဂါ ကုသ ရေးနှင့် ပတ်သက်ပြီး အောက်ဆီဂျင်နှင့် ဆေးဝါး အလုံအလောက်မရရှိအောင် ကန့်သတ်ချုပ်ချယ်မှုများက ဗုဒ္ဓဘာသာဝင် တဦးအနေဖြင့် ပိုမို စိတ်ညှိုးငယ်ရကြောင်း အမည်မဖော်လိုသူ တဦးက မှတ်ချက်ချသည်။

စစ်အာဏာသိမ်းသည့် ဖေဖေါ်ဝါရီ ၁ရက်နေ့မှ စ၍ စစ်တပ်နှင့် ရဲက သတ်ဖြတ်ခဲ့သည်မှာ ယနေ့ဆိုလျှင် လူပေါင်း ၉၄၀ ရှိပြီဖြစ်ပြီး၊ နိုင်ငံတဝန်းတွင်လည်း ယခင်တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသည့် ချင်းပြည်နယ်တွင်ပင် တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်.

ရွေးကောက်ခံ အစိုးရတရပ်ထံမှ စစ်တပ်အာဏာသိမ်းခဲ့သည်မှာ ယနေ့ဆိုလျှင် ၆လ ပြည့်ခဲ့ပြီဖြစ်ရာ ထို ၆လတာ ကာလ ဖြစ်ပေါ်လာသည့် ကောင်းကျိုးဆိုးကျိုးကို လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ သတင်းဌာနများက သုံးသပ်ကြသည့် နည်းတူ စစ်ခေါင်းဆာင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ယနေ့တွင် မိန့်ခွန်းထွက်ပြောခြင်းဖြစ်သည်။