News

“သူ့ကိုယ်သူ အိမ်စောင့်အစိုးရ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ကြေညာလိုက်တဲ့ မအလ”

ရန်ကုန်၊ ဩဂုတ် ၁

အကြမ်းဖက်လူသတ်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အိမ်စောင့်အစိုးရ ၏ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ယနေ့ တာဝန်စယူကြောင်း စစ်တပ်က တရားဝင် သတင်းထုတ်ပြန်သည်။

စစ်အာဏာသိမ်းထားသည်မှာ ခြောက်လကြာမြင့်ပြီဖြစ်သော်လည်း နောက်နှစ်နှစ် အာဏာဆက်လက်သိမ်းထားမည်ဟုအကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကြေညာလိုက်သည်။

ယနေ့ သြဂုတ် ၁ ရက် နံနက်ပိုင်းက အကြမ်းဖက်အာဏာသိမ်းမှုခြောက်လပြည့် သည့်နေ့တွင် ၎င်းက စစ်တပ်ပိုင် ရုပ်သံမှတဆင့် ယင်းသို့ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။

၎င်းက ၂၀၂၃ သြဂုတ်လအထိအာဏာသိမ်းထားမည်ကြောင်း၊ တိုင်းပြည်နိုင်ငံရေး တည်ငြိမ်မှု ရှိသောအခါ ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း၊ ဥပဒေအရ ရွေးကောက်ပွဲ ကျင်းပရန် ခြောက်လ အချိန်ယူမည်ဖြစ်ကြောင်း အရေးပေါ်ကာလကို ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ပြီးဆုံးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အကြမ်းဖက်အာဏာသိမ်းယူထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် အသက် ၆၅ နှစ်ပြည့်ပြီး ပင်စင် ယူရမည်ဖြစ်သော်လည်း ရွေးကောက်ပွဲဖြစ်စဉ်ကို အကြောင်းပြကာ ပြည်သူရွေးချယ်ထားသည့်ခေါင်းဆောင်များကို ဖမ်းဆီး၍ ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းတွင် အာဏာသိမ်းယူခဲ့သည်။

ထို့နောက် အာဏာသိမ်းမှုကိုဆန့်ကျင်ကန့်ကွက်ဆန္ဒပြသူများကို ပစ်ခတ်သတ်ဖြတ်ပြီး ထောင်ပေါင်းများစွာကိုလည်း ဖမ်းဆီးနေခဲ့သည်။