News

“အလံထောင်ပြီး စားဝတ်နေရေးခက်ခဲကြောင်း ပြသည့်နေအိမ်ကို အုပ်ကြီးက ခေါ်ကြိမ်း”

ဝေယံမိုး – မဇ္ဈိမ

ကိုဗစ်တတိယလှိုင်းပြင်းထန်ပြီးအလုပ်လက်မဲ့ဖြစ်နေချိန် မိသားစုစားဝတ်နေရေးအခက်အခဲကြောင့် အလံထောင်ကာအကူအညီတောင်းသည့် ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်မှ နေအိမ်အား စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးက ခေါ်ယူကြိမ်းမောင်းမှု ဇူလိုင်လ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သည်။

“သူတို့က သားမိသုံးယောက်နေကြတာ၊ သားနှစ်ယောက်မှာ အကြီးတစ်ယောက်က ရောဂါသည်၊ ငယ်ကောင်လေးကလဲ အလုပ်တွေပိတ်လို့နားရတာ သုံးလလောက်ရှိပြီ၊ အဲ့တော့ မိသားစုစားဝတ်နေရေးရော၊ ဆေးဖိုးပါမရှိလို့အကူအညီတောင်းတာ၊ ကျွန်တော်တို့သွားပြီးလှူထားတာမကြာသေးဘူး၊ အဲ့တာကို စစ်ကောင်စီကခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးက ခေါ်ပြီးကြိမ်းတယ်တဲ့ ဘာတွေပြောလိုက်လဲတော့သေချာတော့မသိဘူး” ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

မင်္ဂလာဒုံလေယာဉ်ကွင်း အနီးက ကြံခင်းစုရပ်ကွက်တွင် လက်ရှိအုပ်ချုပ်ရေးမှူး အသက် ၆၀ အရွယ် ဦးစိုးဝင်းသည် အားဏာသိမ်းစစ်ကောင်စီမှ ခန့်အပ်ထားသူဖြစ်ကြောင်းသိရသည်။

သူ့အရင်တွက် ရွေးကောက်ခံ အသက်၄၀ အရွယ် ဦးသန်းဆွေက အုပ်ချုပ်ရေးမှူးဖြစ်ပြီး စစ်အာဏာသိမ်းအစိုးရအောက် အုပ်ချုပ်ချုပ်ရေးမှူးအဖြစ်မှ နုတ်ထွက်ကာ ဖမ်းဆီးခံထားရသည်။

အာဏာသိမ်းကာလ ကိုဗစ်တတိယလှိုင်းပြင်းထန်နေချိန် အလုပ်လက်မဲ့ဖြစ်နေရသည့် ပြည်သူများ စားဝတ်နေရေးနှင့် ကျန်းမာရေးအခက်အခဲဖြစ်နေရာ ပြည်သူအချင်းချင်းကူညီမှုတွေပြုလုပ်နေရသည်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး နှင့်ဆယ်အိမ်မှူးများကလည်း ထိုသို့ကူညီသူများကို နှောက်ယှက်မှုများပြုလုပ်နေသလို အလံဖြူ၊ အလံဝါထောင်သည့် အိမ်များကို ခေါ်ယူသတိပေးကြိမ်းမောင်းခြင်းများအပြုလုပ်လျှက်ရှိသည်။