သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မန့်ဟျှိုးမြို့နယ်ခွဲ မြန်မာ- တရုတ်နယ်စပ် နယ်ခြားစည်းမှတ်တိုင် ၇၀/၁ ၇၀/၂ တွင် တရုတ်ဘက်မှ မြန်မာပိုင်နက်ထဲ ခြံစည်းရိုးလာခတ်ရန်အတွက် တိုင်များလာစိုက်ထားကြောင်း စုံစမ်းသိရှိရသည်။
ထိုသို့ ခြံစည်းရိုးခတ်ရန်အတွက် တိုင်းလာချထားသောကြောင့် မန်းဟီးရိုးမြို့ ဒေသခံများက ယမန့်နေ့ ဇူလိုင် ၂၆ ရက်နေ့တွင် သွားရောက်ဖြုတ်ပစ်ခဲ့ကြောင်း မန့်ဟျှိုးမြို့နယ်ခွဲ ဒေသခံတဦးကပြောသည်။
“ ကျနော်တို့ မနေ့ကသိသိချင်းသွားဖြုတ်ပစ်ခဲ့တယ်။ အဲနားနေတဲ့ လူက ပြောလာတော့ကျနော်တို့ သွားထုတ်ပစ်လိုက်တယ်။ ကျနော်တို့ ဒီဘက်အစိုးရကတော့လာမကြည့်ပေးဘူး။ ကျနော်တို့ ဖုန်းဆက်ပြီးတော့ သူတို့က လုပ်လို့ရတယ်လို့ကျနော်တို့သွားဖြုတ်ပစ်လိုက်တယ်။” ဟု မန့်ဟျှိုးမြို့နယ်ခွဲ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
ကိုဗစ် -၁၉ ကိုအကြောင်းပြပြီး မန့်ဟျှိုးမြို့နယ်ခွဲ ပြည်သူများကို နေအိမ်မထွက်ရန်အတွက် ပြောဆိုခဲ့ပြီး တရုတ်ဘက် က ခြံစည်းရိုးခတ်ရန်လုပ်ဆောင်ခဲ့ကြောင်းသိရသည်။
ထိုနေရာတွင် မြစ်ရေခြားထားပြီး ငါးမွေးမြူကာ မြစ်ရေတိုက်စားမှုကြောင့် မြန်မာမြေ ဧက ၁၀၀ ပါသွားကြောင်းသိရသည်။
မန့်ဟျှိုးမြို့နယ်ခွဲ တွင် တရုတ်ဘက်မှ နယ်မြေကျူးကျော်ကာ ခြံစည်းရိုးလာခတ်ရန် စီစဉ်ခြင်းသည် ပထမအဆုံးအကြိမ်ဖြစ်ကြောင်းသိရသည်။
ရုပ်သံကြည့်ရန်
အလားတူ ဇွန် ၂၃ ရက်နေ့က ကချင်ပြည် မံစီမြို့နယ် မန့်ဝိန်းကြီး အတွင်းရှိ မြန်မာ-တရုတ်နယ်စပ်မျဉ်း နယ်ခြားမှတ်တိုင် ၅၃/၁ ၅၃/၂ မြန်မာပိုင်နက် နယ်မြေ ကို တရုတ်မှ ကျူးကျော် ခြံစည်းရိုးလာခတ်သဖြင့် ဒေသခံများနှင့် အငြင်းပွားမှု ဖြစ်ခဲ့ကြောင်းသိရသည်။
#SHANBurmese
#Shannews
#သျှမ်းသံတော်ဆင့်