News

“ခင်ဦးနယ်သား ရဲသတင်းပေး၊ချဲဒိုင် အသတ်ခံရ”

ဝေယံမိုး – မဇ္ဈိမ

စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်၊ ရွာစဥ်ကျေးရွာမှ ချဲဒိုင်ကိုင်သူ ရဲသတင်းပေးဆိုသူ အသက် ၄၀ ဝန်းကျင်အရွယ် ဗိုလ်နိုင် အသတ်ခံရကြောင်းသိရသည်။

ဒီကနေ့ ဇူလိုင်လ ၂၉ ရက် နေ့လယ်ပိုင်း ၁ နာရီခွဲအချိန်တွင် အသက်ခံရခြင်းဖြစ်ကြောင်း ဒေသခံရွာသားတစ်ဦးက မဇ္ဈိမကိုပြောသည်။

“သူကချဲရောင်းသွားရင်း အသတ်ခံရတာ၊ ခေါင်းတစ်ခြားကိုယ်တစ်ခြားပဲ၊ သူကရဲသတင်းပေးတစ်ယောက် ရဲကိုလဲငွေပေးပြီး ချဲရောင်းနေတာ၊ချဲဒိုင်တစ်ယောက်ပေါ့” ဟုဆိုသည်။

သေဆုံးသူ ဗိုလ်နိုင်ဆိုသူသည် ဇူလိုင်လ ပထမအပတ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ ခင်ဦးနယ်တွင် PDF များအားတောနင်းရှာစဉ် လမ်းပြလုပ်ပေးခဲ့သည်ဟု ဒေသခံကဆိုသည်။

“ခင်ဦးနယ်တွေ ကို စကစ အလုံးအရင်းနဲ့ ရွာအစဥ်လိုက် ခြေလျင် တောနင်းပြီး ရှာကြတာ PDF တွေကို ၊ အဲ့နေ့က တစ်နေကုန်လုံး ရွာနားပတ်ချာလည် တောထဲအကုန်ပတ်ရှာကြတာပေါ့ ၊ သူကတော့နယ်ခံရဲနှစ်ယောက်နဲ့အသိဆိုတော့ စစ်သားတွေရဲတွေနဲ့အတူ လမ်းပြတာ” ဟု ဒေသခံကပြောသည်။

ထို့အတူ သူသည် ကိုဗစ်တတိယလှိုင်းဖြစ်နေစဉ်ယခုကာလအတွင်း အိမ်ခြေ ၁၀၀၀ ခန့်ရှိသည့် ရွာစဉ်ရွာတွင်ကိုဗစ်စစ်ဆေးရေးဂိတ်နှင့်ကိုဗစ်စည်းကမ်းများချရာတွင် ချဲရောင်းထွက်လို့မရမည်ဆိုး၍ ကန့်လန့်တိုက်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အခင်းဖြစ်ပွားရာ ရွာစဉ်ရွာသို့ စစ်ကားသုံးစီး စစ်ကောင်စီတပ်သားများ တက်လာကြောင်း အနီးကျေးရွာမှ ဒေသခံတစ်ဦးကဆိုသည်။

ခင်ဦးမြို့နယ်၊ကျေးရွာများတွင် စစ်ကောင်စီတပ်သားများ လှည့်လည်ရှာဖွေဖမ်းဆီးပစ်ခတ်မှုများ ပြုလုပ်နေသည်မှာ တစ်လကျော်ကြာမြင့်ပြီဖြစ်သည်။ အဆိုပါမြို့နယ်မှ ရဲသတင်းပေး၊ ပျူစောထီးအဖွဲ့ဝင်နှင့် ဒလန်များ အသတ်ခံရသည်မှာ ၁၃ ယောက်ရှိပြီဖြစ်ကြောင်း သေဆုံးမှုသတင်းများအရသိရသည်။