ဗဟုသုတ

မြတောင်သပိတ် ကျဆုံးသူ ၂ ဦး အလောင်းပြန်မပေးဘဲ စစ်တပ်တွင်း မီးသင်္ဂြိုဟ်ကာ လူသတ်မှုကို ဖုံးကွယ်ဖို့ စစ်ကောင်စီ ကြိုးပမ်း

မဇ္ဈိမ

မန္တလေးတိုင်းဒေသကြီး မြတောင်သပိတ်ကို ဖြိုခွင်းခံရစဉ် သေနတ်ပစ်ခတ်ခံရလို့ ကျဆုံးသွားတဲ့ မသူသူဇင်အပါအဝင် နောက်ထပ်တစ်ဦးရဲ့ ရုပ်အလောင်းကို မိသားစုဝင်တွေထံ ပြန်မပေးဘဲ မန္တလေးတောင်ခြေက ခမရ (၉၅) တပ်ထဲမှာ မီးသင်္ဂြိုဟ် လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက မဇ္ဈိမကို ပြောပါတယ်။

“သင်္ဂြိုဟ်ပြီးသွားပြီလို့ ပြောတယ်။ သူ့အစီစဉ်နဲ့သူ သင်္ဂြိုဟ်လိုက်တာတဲ့။ သူတို့ခေတ်ပေါ့ဗျာ။ သူတို့ကြိုက်တာ လုပ်မှာပေါ့။ ဒါပါပဲ”လို မိသားစုနဲ့ နီးစပ်သူတစ်ဦးက မဇ္ဈိမကို ပြောပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်လာတဲ့ မန္တလေး မြတောင်သပိတ်စစ်ကြောင်းကို ဇူလိုင်လ ၂၇ ရက်နေ့ နေ့လည် ၁၂ နာရီ မဟာမြတ်မုနိဘုရားကြီး အရှေ့ဘက်မုခ်အနီးမှာ အရပ်ဝတ်လူတွေက သေနတ်ပစ်ခတ် ဖြိုခွင်းခဲ့လို့ သပိတ်ဦးဆောင်သူ မသူသူဇင်အပါအဝင် လူငယ်နှစ်ဦး ကျဉ်ထိမှန် သေဆုံးသွားတာ ဖြစ်ပါတယ်။

အဲဒီလို ဆန္ဒပြ သပိတ်လူငယ်တွေကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ် ဖြိုခွင်းတာဟာ ပျူစောထီးအဖွဲ့ဝင် စစ်ကောင်စီခန့် ကျွန်းလုံးဥသျှောင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဆိုသူဖြစ်ပြီး သူအမြဲဆောင်ထားတဲ့ ပစ္စတို သေနတ်နဲ့ ပစ်သတ်လိုက်တာလို့ ဖြစ်စဉ်ကို သိရှိသူတစ်ဦးက မဇ္ဈိကို အတည်ပြု ပြောပါတယ်။

“စစ်သားတို့၊ ရဲတို့က ပစ်တာမဟုတ်ဘူး။ ဒီစစ်တပ်က ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးပေါ့။ ဒီဘက်က အခေါ်ဆိုရင် ပျူစောထီးပေါ့လေ။ သူဆောင်ထားတဲ့ ပစ္စတိုနဲ့ ပစ်တာ။ ဒါရှင်းရှင်းလေးပဲ လူသတ်မှုကို ဖုံးကွယ်ချင်လို့ အလောင်းပြန်မပေးတာပေါ့” လို့ မဇ္ဈိမကို ပြောပါတယ်။

မနေ့က မြတောင်သပိတ်ကို ပစ်ခတ်ဖြိုခွင်းခဲ့ရာ လူငယ်သုံးဦး ကျဉ်ထိမှန်ခဲ့တာဖြစ်ပြီး သပိတ်ဦးဆောင်သူ မသူသူဇင်နဲ့ နောက်ယောက်ကျ်ားလေး လူငယ်တစ်ဦး သေဆုံးကာ ကျန်တစ်ဦးကတော့ ဖမ်းဆီးခံထားရ ဆဲဖြစ်တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုအပြီး သုံးဦးလုံးကို စစ်တပ်က ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

“စစချင်း ဘုရားကြီးထဲကို ခေါ်ထားတယ်။ ပြီးတော့မှ ကားနဲ့သယ်ပြီး အမှတ် (၁၀) စခန်းကို ခေါ်သွားတာ။ အမှတ် (၁၀) စခန်းကနေမှတဆင့် စစ်တပ်က ကားနဲ့လာခေါ်သွားတာ။ သူ့ဖြစ်စဉ်က အဲလို” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

မန္တလေးမြို့ မြတောင်သပိတ်စစ်ကြောင်းကို သေနတ်ပစ်ခတ်ဖြိုခွင်းခဲ့ပေမယ့် ဇူလိုင် ၂၈ရက် နေ့လယ်ပိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး မန္တလေး မြတောင်သပိတ်စစ်ကြောင်းကတော့ ပုံမှန်အတိုင်း ချီတက် ဆန္ဒပြခဲ့ပါတယ်။

မနေ့က ပစ်ခတ် ဖြိုခွင်းမှုကြောင့် ကျဆုံးခဲ့ရတဲ့ မသူသူဇင်အား အလေးပြုရင်း အလံမလဲဘဲ ပြန်ထလာတာလို့ ဆန္ဒပြပွဲ ပါဝင်သူတွေက ဆိုပါတယ်။