ဇူလိုင်-၂၈
မန္တလေးက နာမည်ကြီး စာရေးဆရာ သိုက်ထွန်းသက် အသက် ၆၉နှစ်ဟာ ကိုဗစ်ရောဂါနဲ့ ဒီနေ့ ဇူလိုင် ၂၈ရက်၊မနက် ၁၁နာရီ ၃၅မိနစ်က ကွယ်လွန်သွားတယ်လို့သိရပါတယ်။
ဆရာသိုက်ထွန်းသက်ရဲ့ အမည်ရင်းမှာ ဦးသိန်းဇော်ဖြစ်ပြီး မန္တလေးမြို့၊စိန်ပန်းရပ်ကွက်၊အဘ ဦးအေးမောင်၊အမိ ဒေါ်တင်မေတို့က မွေးဖွားခဲ့ပါတယ်။မွေးချင်း လေးယောက်အနက် ဒုတိယမြောက်သားဖြစ်ပါတယ်။
မွေးစားမိဘနှစ်ပါးမှာ ဦးသိန်းတန်၊ဒေါ်တင်တင်ငြိမ်း ဖြစ်ပါတယ်။
မန္တလေးမြို့ အမှတ်(၁၇)အစိုးရအထက်တန်းကျောင်းမှာ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားခဲ့ပါတယ်။
၁၉၆၉ခုနှစ်မှစပြီး မန္တလေးမြို့ထုတ် ထူးစာစောင်မှာ ထွဏ်းကနောင် အမည်နဲ့ ဝတ္ထုနဲ့ကဗျားတွေ စတင်ရေးခဲ့ပါတယ်။
၁၉၇၉ခုနှစ်၊ဇူလိုင်လထုတ် မိုးဝေ မဂ္ဂဇင်းမှာ “နွားခြေရာခွက်ကလေးများ”ဝတ္ထုတိုနဲ့ မဂ္ဂဇင်း ဝတ္ထုတို စတင်ရေးသားခဲ့ပါတယ်။
၁၉၉၀ပြည့် မေလမှ ၂၀၀၃ခုနှစ် မတ်လအထိ မဟေသီ မဂ္ဂဇင်းမှာ ဇန်မြင့် ကလောင်ခွဲနဲ့ “ရွှေပါးစပ် ငွေပါးစပ်”ကဏ္ဍကို ပင်တိုင်ယူပြီး စာပေရေးရာဆောင်းပါးများရေးသားခဲ့ပါတယ်။
၁၉၉၇ခုနှစ်မှာ ပန်းတိုင် မဂ္ဂဇင်း အယ်ဒီတာအဖြစ်လည်းကောင်း၊၁၉၉၇ခုနှစ် စက်တင်ဘာ၂၄ရက် မှ၂၀၀၃ခုနှစ် မတ် ၁၇ရက်နေ့အထိ နံနက်ခင်း သတင်းစာမှာ အယ်ဒီတာအဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့ပါတယ်။
၂၀၀၃ခုနှစ်ကနေစတင်ပြီး မန္တလေးအခြေစိုက် ရွှေမန္တလေး ဂျယ်နယ်အယ်ဒီတာချုပ်အဖြစ်လည်း ဂျာနယ်ရပ်နားတဲ့အထိ လုပ်ကိုင်ခဲ့ပါတယ်။
၁၉၉၀မှာ ဂျီဩမေ တြီ ဂေါဝိန် ဝတ္ထုတိုပေါင်းချုပ်၊၂၀၀၂ခုနှစ်မှာ သိုက်ထွန်းသက် လက်ရွေးစင် ဝတ္ထုတိုများ၊၂၀၀၃ခုနှစ်မှာ ဆရာမ ခင်ခင်ထူးနဲ့တွဲဖက် ပြီး မြို့ကလေးရဲ့ ကောပတ်စက္ကူ ဝတ္ထုတိုပေါင်းချုပ်၊
၂၀၀၆မှာ ဒေါ်လီ ဂျင်နီ အင်ဒီနှင့်စိန်မေလွင်တို့အကြောင်း စာပေဒေသာဝတ္ထုတွဲ၊၂၀၁၄မှာ သိုက်ထွန်းသက် ဝတ္ထုတိုပေါင်းချုပ် စတာတွေ ရေးသားခဲ့ပါတယ်။
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊သံလျက်မှော်တောင်ရပ်၊ကန်တော်ကြီးအနောက်ခြမ်း တိုက်(၆)အခန်း၊ဒီ-၅မှာ ဇနီးဖြစ်သူ ဒေါ်အေးအေး၊သမီး မဆင့်ညိမ်းအေးနဲ့အောင်မြေသာစံမြို့နယ်မှာ နေထိုင်တဲ့ သမီးကြီး မအိမြတ်ဝေဇော်နဲ့မဟာအောင်မြေမှာ နေထိုင်သူ မအိရှုမဝဇော်တို့ ကျန်ရစ်ခဲ့ပါတယ်။
“ကျွန်မရဲ့ဖေဖေ စာရေးဆရာကြီး သိုက်ထွန်းသက်
ဒီနေ့ နေ့လယ် ၁၁နာရီ၃၅မိနစ်မှာပဲ သူချစ်တဲ့ စာပေလောကကို စွန့်ခွာသွားခဲ့ပါပြီ။ဖေဖေ့ကို ကိုဗစ်လက်ထဲက ကယ်ဖို့ မစွမ်းနိုင်ခဲ့တာ အားလုံးခွင့်လွှတ်ပေးကြပါ”လို့ သမီးဖြစ်သူကလူမူကွန်ယက်မှာရေးသားထားသည်။