News

လူ ၃,၀၀၀ ကျော်အထိ သဂြိုဟ်နိုင်မည့် မီးဖို (၁၀)လုံး တပြိုင်တည်း တည်ဆောက်နေကြောင်း စစ်ကောင် စီ ကြေညာ

ဧရာဝတီ၊ ဇူလိုင် ၂၈၊ ၂၀၂၁

စစ်ကောင်စီအနေဖြင့် ရန်ကုန်တိုင်းရှိ သုသာန်များတွင် တရက်လျှင် သေဆုံးသူ ၃,၀၀၀ ကျော်အထိ သ​ဂြိုဟ်နိုင်မည့် မီးဖို ၁၀ လုံးကို တပြိုင်တည်း တည်ဆောက်နေကြောင်း ယမန်နေ့က MRTV သတင်း၌ ထည့်သွင်း ကြေညာခဲ့သည်။

ရေဝေးသုသာန်တွင် ငါးပေါက်တွဲ နှစ်တွဲပါ မီးဖို ၅ လုံး အသစ်တည်ဆောက်နေပြီး ပြီးစီးပါက လူ ၅၀ ကို ၁ နာရီအတွင်း တပြိုင်တည်း မီသဂြိုဟ်နိုင်ကြောင်းနှင့် ရေဝေးတွင်ပင် တရက်လျှင် သေဆုံးသူ ၁,၀၀၀ ကျော် အထိ သဂြိုဟ်နိုင်မည် ဖြစ်ကြောင်းကို စစ်ကောင်စီ လက်အောက်ရှိ မီဒီယာက ထုတ်ပြန်ပြောဆိုသည်။

ထိုကဲ့သို့ တည်ဆောက်နေမှု အခြေအနေများကို ရန်ကုန် တိုင်း စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် မြို့ တော်ဝန်တို့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဦးစီးပြီး ရန်ကုန်တိုင်အတွင်းရှိ သုသာန်များတွင် အလားတူ မီးဖို ၁၀ လုံးကို တပြိုင်တည်း တည်ဆောက်လျက်ရှိပြီး ပြီးစီးပါက တနေ့လျှင် သေဆုံးသူ ၃,၀၀၀ ကျော် မီးသဂြိုဟ်နိုင်မည် ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ကိုဗစ် တတိယလှိုင်း ၂ လတာ ကာလအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၄,၆၂၉ ဦး ရှိကြောင်း စစ်ကောင်စီ လက်အောက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားချက်အရ သိရသည်။

တကယ့် မြေပြင်အခြေအနေတွင်မူ ကိုဗစ်ကူးစက်မှုနှုန်း၊ သေဆုံးနှုန်းမှာ အဆိုပါ အချက်အလက်များထက် များစွာ ပိုနေနိုင်ကြောင်း ကျန်းမာရေး ပညာရှင်များနှင့် ကူညီဆောင်ရွက်ပေးနေသည့် ပရဟိတအဖွဲ့များက ပြောဆိုထားသည်။

ကိုဗစ်ကူးစက်မှုနှုန်း မြင့်မားနေသည့် ရန်ကုန်မြို့ တခုတည်းတွင်ပင် နေ့စဉ် သေဆုံးသူ ၁,၀၀၀ အထက်တွင် ရှိနေကြောင်း ပရဟိတ အသင်း အဖွဲ့များထံမှ သိရသည်။

ဓာတ်ပုံ – CJ