ရန်ကုန်၊ ဇူလိုင် ၂၈
မြတောင်သပိတ်စစ်ကြောင်းမှ ဦးဆောင်သူတစ်ဦးဖြစ်သူ မသူသူဇင်သည် ယမန်နေ့ နံနက်ပိုင်း စစ်တပ်၏ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုကြောင့် ကျဆုံးသွားခဲ့ရာ သူသည် မကျဆုံးမီ အချိန်အထိ တပ်ဦးတွင် သပိတ်စစ်ကြောင်း အလံကို ကိုင်ဆောင်၍ ရဲရင့်စွာ ဆန္ဒပြခဲ့သူလည်းဖြစ်သည်။
စစ်အာဏာရှင်ကို တောက်လျှောက် ဆန့်ကျင် တော်လှန်နေသော မြတောင်သပိတ်စစ်ကြောင်း တွင် နေ့စဉ် ရှေ့တန်းမှ ဦးဆောင်ပါဝင်ခဲ့ပြီး ပရဟိတအလုပ်များတွင်လည်း တက်ကြွစွာ ပါဝင်နေသူလည်းဖြစ်သည်။
မန္တလေးမှ ဆရာတော်တစ်ပါးက “တစ်ဖွဲ့လုံးက ပြာလောင်ခတ်တတ်လို့ ချစ်စနိုးနဲ့ “ပြာကလတ်စိန်” လို့ခေါ်ပြီး စကြ နောက်ကြနဲ့။ လူချစ်လူခင်ပေါတဲ့ ကလေးမလေး။
တခုခုဆို စိတ်ကောက်တတ်တာကလွဲရင် စိတ်ရင်း စေတနာလေးကောင်းရှာတဲ့ ကလေးမလေး။
လူယုတ်မာအောက်တန်းစားတွေ ခေတ်ကောင်းတော့ သေနတ်ထိပ်က နှင်းဆီမထွက်နိုင်တော့ဘူးလေ။ စိုက်ဝင်သွားတဲ့ ကျည်ဆန်နဲ့အတူ ခေါင်းငုံ့မခံခဲ့ဘူး။
အောင်ပွဲတနေ့ အမျှကုသိုလ်ထပ်ပေးဝေကြပါဦးမယ်။အခုတော့ ခဏ အနားယူလိုက်ပါဦး” ဟု လူမှုကွန်ရက်တွင် မသူသူဇင်အကြောင်း အမှတ်တရ ရေးသားထားသည်။
မသူသူဇင် ကျဆုံးမှုအတွက် ဝမ်းနည်းရပြီး မကျဆုံးမီ သူ ပါဝင်ခဲ့သော သပိတ်စစ်ကြောင်းမှ ပုံများ အမှတ်တရ ပြန်လည် ဖော်ပြပါသည်။