ဗဟုသုတ

ဆေးဝါးစျေးကွက်အတွင်း စျေးနှုန်းများ အဆမတန်မြင့်တက်နေပြီး ပျမ်းမျှအားဖြင့် ရာခိုင်နှုန်း ၅၀ ခန့်အထိ စျေးများမြင့်တက်လာကာ မရှိမဖြစ်လိုအပ်သည့် ဆေးဝါးအချို့လည်း စျေးကွက်အတွင်း ပြတ်လပ်

ဆေးဝါးစျေးကွက်အတွင်း စျေးနှုန်းများ အဆမတန်မြင့်တက်နေပြီး ပျမ်းမျှအားဖြင့် ရာခိုင်နှုန်း ၅၀ ခန့်အထိ စျေးများမြင့်တက်လာကာ မရှိမဖြစ်လိုအပ်သည့် ဆေးဝါးအချို့လည်း စျေးကွက်အတွင်း ပြတ်လပ်လျက်ရှိကြောင်း ဆေးဝါးအကူအညီပေးနေသူများနှင့် ဆေးဝါးရောင်းချနေသူများ၏ ပြောကြားချက်အရ သိရသည်။

COVID-19 တတိယလှိုင်းကာလအတွင်း ဆေးဝါး စျေးနှုန်းများမှာ တရိပ်ရိပ် မြင့်တက်လာခြင်းဖြစ်သည်။

“ အရင်တုန်းက တစ်ကတ်ကို ၁၃၀၀ လောက်ပဲရှိတဲ့ အမောက်ဆလင်လိုဆေးမျိုးတောင် အခု အနည်းဆုံး ၂၀၀၀ လောက် ပေးရတယ်။ ဒါတောင် သယ်ယူပို့ဆောင်တဲ့စရိတ် မပါသေးဘူး” ဟု ဆေးဝါးလိုအပ်သူများကို အကူအညီများပေးနေသည့် လူငယ်တစ်ဦးက ပြောကြားသည်။

လူအများစု သုံးစွဲလျက်ရှိသည့် ပါရာစီ တမောလ်၊ ဘိုင်အိုဂျက်ဆစ်၊ ချောင်းဆိုးပျောက်ဆေး အစရှိသည့် ဆေးဝါးများမှာ စျေးကွက်အတွင်း ပြတ်လပ်မှုများဖြစ်ပေါ်နေပြီး စျေးနှုန်းများမြင့်တက်လျက်ရှိကြောင်း သိရသည်။

“ ဘိုင်အိုဂျက်ဆစ်တစ်ကတ်ကို ခြောက်ထောင်လောက်အထိ ဖြစ်နေတယ်။ ဒါတောင် ဝယ်မရဘူး။ ဆေးဆိုင်ကြီးတွေမှာကလည်း လူတစ်ယောက်ကို တစ်ကတ်နှုန်း နှစ်ကတ်နှုန်း အဲ့ဒီလောက်ပဲ ရောင်းပေးတာဆိုတော့ လိုချင်တဲ့သူက များတယ်။ နောက်ကလိုက်မဖြည့်နိုင်ဘူး ဖြစ်နေတယ်” ဟု ရန်ကုန်မြို့တွင်း ဆေးဝါးအကူအညီ လိုအပ်သူများကို အခမဲ့ အကူအညီပေးနေသည့် လူငယ်တစ်ဦးက ပြောကြားသည်။

အဓိက ဆေးဝါးအများစုရရှိသည့် ရန်ကုန်မြို့ကဲ့သို့ နေရာမျိုးမှာပင် ဆေးဝါးပြတ်လပ်မှုများ ရှိနေပြီး ရန်ကုန်မှ တစ်ဆင့်မှာယူရသည့် နယ်မြို့များတွင် ဆေးဝါးပြတ်လပ်မှု ဒဏ်ကို ခံစားနေရကြောင်း နယ်မြို့့အချို့တွင် ဆေးဝါးများအခမဲ့ကူညီနေသည့် အသင်းအဖွဲ့အချို့့ထံမှ သိရသည်။

“ ရန်ကုန်ကဆေးဆိုင်တွေကို လှမ်းချိတ်။ ရသလောက်ဝယ်နေရတဲ့ နယ်မြို့တွေမှာဆို ပိုဆိုးတယ်။ အခုဒီဘက်မှာ အဓိက ဆေးဆိုင်ကြီး နှစ်ခုရှိတယ်။ သူတို့ဆီမှာတောင် တချို့ဆေးတွေ ဝယ်လို့မရတော့ဘူး။

ရန်ကုန်ကို လှမ်းမှာလည်း ရန်ကုန်မှာလည်း ပစ္စည်းတွေကမရှိ။ အဲဒီလိုဖြစ်နေတယ်” ဟု ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်တစ်ခုတွင် ဆေးဝါးအကူအညီပေးနေသည့် ပရဟိတအဖွဲ့တစ်ခုထံမှ သိရသည်။

ရောင်းချရန် ဆေးဝါးမရှိခြင်းကြောင့် ရန်ကုန်မြို့ရှိ ဆေးဆိုင်အချို့မှ ပိတ်ထားရခြင်းများရှိနေပြီး ဆေးဝါးရရှိမှသာ ဆိုင်ဖွင့်ကာ ပြန်လည်ရောင်းချနေရသည်။

“ ဆေးဆိုင်ဖွင့်ထားလည်း ဆေးမှမရှိတာဆိုတော့ ပိတ်ထားရတယ်။ အခုက ဆေးကုမ္ပဏီတွေကလည်း ပိတ်ရက်တွေဖြစ်နေတော့ သူတို့လည်း လာမပို့ကြတာရှိတယ်။ တချို့ကတော့ ကုမ္ပဏီဖွင့်ထားကြပေမယ့် သူတို့မှာတောင် ပစ္စည်းပြတ်နေတော့ လာမပို့နိုင်ကြဘူး” ဟု ရန်ကုန်မြို့တွင်းရှိ ဆေးဆိုင်တစ်ဆိုင်က ပြောကြားသည်။

လက်ရှိတွင် ကိုဗစ်ထိန်းချုပ်ရေး ကန့်သတ်ချက်များကြောင့် ဆေးဝါးဖြန့်ဖြူးသည့် ကုမ္ပဏီအချို့ ပိတ်ထားခြင်းများ ရှိနေသဖြင့် ပုံမှန်ဆေးဝါးများဖြစ်သော သွေးထိန်းဆေး၊ သွေးကြဲဆေးများလည်း ဝယ်မရဖြစ်နေကြောင်း စျေးကွက်အတွင်းမှ သိရသည်။

“ စျေးတွေတက်တာက မရှိမဖြစ် သုံးနေရတဲ့ ဆေးဝါးစျေးတွေပါ တက်ပြီး ပစ္စည်းတွေ ပြတ်ကုန်တယ်။ အမြဲတမ်းစွဲသုံးရတဲ့ နှလုံးဆေး၊ ဆီးချိုသမားဆို ဆီးချိုဆေးရှိမယ်။ သွေးတိုးသမားတွေအတွက် ဆေးတွေရှိမယ်။ အဲဒါမျိုးတွေကအစ လုံးဝပြတ်ထွက်သွားတော့ ပြသာနာအကြီးကြီးတက်တယ်။ အဲဒီဆေးတွေဆိုရင် လုံးဝကိုရှာမရဘူး” ဟု နယ်မြို့တစ်မြို့တွင် ဆေးဝါးများ လိုက်လံကူညီနေသည့် လူငယ်တစ်ဦးက ပြောကြားသည်။

လက်ရှိတွင် စျေးကွက်အတွင်း ဖြစ်ပေါ်နေသည့် ဆေးဝါးစျေးနှုန်းများမှာ ဘိုင်အိုဂျက်ဆစ် တစ်ကတ်လျှင် ကျပ် ငါးထောင် အနည်းဆုံးရှိနေပြီး ချောင်းဆိုပျောက်ဆေးအမျိုးအစား ဆေးဝါးများမှာ ယခင်က ကျပ် ၁၅၀၀ ခန့် ရှိသည့် ဆေးမှာ လက်ရှိတွင် ကျပ် ၄၀၀၀ ခန့်အထိ ရှိနေကြောင်း၊ ဆေးဝါးစျေးနှုန်းများ ကျဆင်းစေရန် လိုအပ်လျက်ရှိကြောင်း ပရဟိတ ကူညီနေသူများနှင့် ဆေးဝါးစျေးကွက်အတွင်းမှ သိရသည်။