(လုံခြုံရေးအရ မူရင်းစာရေးသူရဲ့နာမည်မဖော်ပြတော့ပါ)
ညီရဲ့ ရုပ်ခန္ဓာကိုယ်ဘေးမှာ ညီရဲ့ကျောပိုးအိတ်ကလေးရင်မှာပိုက်ထားတဲ့အကို။ ကျွန်တော်ရင်တွေထုံနေလို့ မငိုတတ်တော့ဘူးတဲ့။ ခြေထောက်၂ဘက်စလုံးရော လက် ၁ ဖက် ရောရှိသမျှအရိုးကျိုးသွားတဲ့ သား။
အဖေဖြစ်သူက ငါ့သားလေး ဒုက္ခိတဖြစ်လည်း ငါကုန်းပိုးသွားမယ်တဲ့။ သေလုမြောပါးဒဏ်ရာတွေရထားတာတောင် သတိပြန်လည်တဲ့အချိန်မှာ အဖေ အမေ ကို မတဘဲနဲ့ တခွန်းတည်းပြောတဲ့စကားက အတူဒဏ်ရာရတဲ့သူငယ်ချင်းအဆင်ပြေရဲ့လားတဲ့။
အကိုဖြစ်သူ တူဖြစ်သူ သားဖြစ်သူ ၃ဦးမရှေးမနှောင်းမှာပဲဆုံးရူံးသွားရတဲ့ လူတယောက်စာတွေရေးချင်တယ်။ ဒါပေမဲ့ ကျွန်တော်လည်း လက်တွေထုံနေလို့ ရင်တွေထုံနေလို့ မရေးတတ်တော့ဘူး။
အရင်းနှီးဆုံးမိတ်ဆွေ ရဲဘော်ရဲဘက် ရဲ့ ရုပ်အလောင်းကို ကိုယ်တိုင်ချုပ်ရတဲ့ ဆရာဝန်တယောက်ရဲ့ခံစားချက်ကကိုယ့်နှလုံးသားကို အပ်နဲ့ချုပ်နေရသလိုပါပဲ။ အပ်တချက်ဖောက်တိုင်းမှာ ရင်ဘတ်ထဲကနင့်နေအောင်စူးပါတယ်။ သူ နာများနာနေမလားဆိုပြီး ထုံဆေးထိုးဖို့စဉ်းစားလိုက်သေးတယ်။
ကျွန်တော်ရူးများရူးသွားတာလား။ ဒဏ်ရာရကွဲပြဲလို့ ချုပ်ရမယ့် လူနာတယောက်လာတိုင်းမှာ ဒဏ်ရာရတဲ့နေရာပေါ်မူတည်ပြီး အသင့်တော်ဆုံးချုပ်ကြိုးကိုရွေးပြီး အမာရွတ်အနည်းဆုံးဖြစ်အောင် ချုပ်လေ့ရှိတယ်။ ကျွန်တော်ကအလှကြိူက်တော့ လူတိုင်းကိုလှစေချင်တယ်လေ။
ဒီနေ့တော့ မျက်နှာတခုလုံးပျက်စီးနေတဲ့ကျွန်တော့်သူငယ်ချင်း။ သူ့အတွက် ချုပ်ကြိုးကိုသေချာရွေးရင်း တချက်ချင်းသေချာချုပ်ရင်း မျက်ရည်တွေကရုပ်အလောင်းပေါ်ကျတယ်။
ကျွန်တော်ဘယ်လောက်ကြိုးစားကြိုးစား အရင်မျက်နှာပြန်မရနိုင်တော့ဘူး။ ညာဘက်လက်ကပြတ်သွားတယ်။ လက်ဘယ်မှာလဲ မေးတော့ရှာမတွေ့ဘူးတဲ့။ ဘယ်ဘက်လက်က လက်ချောင်းတချောင်းက မွစာကြဲနေတယ်။ ပျက်လုပျက်ခင် အဲ့လက်ချောင်းကိုတော့ကျွန်တော်ကြိုးစားပြီးသေချာပြန်ချုပ်တယ်။
တတ်နိုင်သမျှ ခြေလက်အစုံပြန်ပါစေချင်တာ ဆရာဝန်တယောက်ရဲ့ စေတနာလား။ မိတ်ဆွေတယောက်ရဲ့ချစ်ခြင်းမေတ္တာလား။ နောက်ဆုံးအပ်ချက်တွေက အားစိုက်ပြီးထိုးရတယ်။ အရေပြားပါးပါးလေးပဲကို ဘာလို့အဲ့လောက်မာနေတာပါလိမ့်။
တချိန်က သူ့ရှေ့မှာ လူနာချုပ်တော့ ကျွန်တော်လူနာဖြစ်ရင် ဆရာမငြိမ်းဆီမှာတော့ အချုပ်မခံချင်ဘူးလို့ပြောဖူးတယ်။ တကယ်ပဲ အချုပ်မခံချင်တာများလား။ မရဘူး ငါကတော့ အတ္တကြီးတယ်။ ငါကလွဲရင် တခြားဆရာဝန်ချုပ်မှာစိုးလို့ မလှမပဖြစ်နေတာသိသိရက်နဲ့ လှလှပပဖြစ်စေချင်လို့ ကိုယ်တိုင်ချုပ်မယ်ဆိုပြီး အချိန်မှီပြေးလာခဲ့တာ သိချင်လို့ ဝင်လာတဲ့သူတွေကို ဝင်မလာနဲ့ လို့ပြောပြီးတံခါးပိတ်တယ်။
ချုပ်လို့ပြီးစီးသွားတဲ့မျက်နှာကို ပတ်တီးအပြည့်စည်းတယ်။ သူ့မျက်နှာကို တခြားဘယ်သူမှထပ်မမြင်စေချင်တော့ဘူး။ ဓာတ်ပုံလည်းမရိုက်စေချင်ဘူး။ လူတွေရဲ့စိတ်ထဲမှာ ယောကျာ်းပီပီသသချောမောခဲ့တဲ့ သူ့မျက်နှာကိုပဲစွဲကျန်နေစေချင်တယ်။
အင်္ကျီ ပုဆိုးငါကိုယ်တိုင်ဝတ်ပေးတယ်။ သွေးတွေကိုယ်တိုင်သုတ်ပေးတယ်။
သူရဲကောင်းရေ
မာန်းရေ နင်ကတော့ ကောင်းကင်ရောက်သွားပြီ။ ဝဠ်ကြွေးကြီးလွန်းလှတဲ့ငါတို့တွေပဲကျန်တော့တယ်။