ဗဟုသုတ

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မော်လမြိုင်မြို့အပါအဝင် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေ

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မော်လမြိုင်မြို့အပါအဝင် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် ဇူလိုင် ၂၅ ရက်က ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

မော်လမြိုင်မြို့တွင် ဇူလိုင်လ (၂၅) ရက် မွန်းလွဲပိုင်းအချိန်က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရွှေတောင်ရပ်ကွက်၊ ဖက်တန်းရပ်ကွက်၊ ဒိုင်းဝန်ကွင်းလမ်းမကြီး၊ အောက်ကျင်းရပ်ကွက်၊ ကျိုက်ဖနဲရပ်ကွက်၊ ‌သီရိမြိုင်ရပ်ကွက် အစရှိသော မြို့ပေါ်ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

“မိုးကဆက်တိုက်ကို ရွာနေတာလေ။ မနေ့ကရော ဒီနေ့နေမှာပါ မိုးကမတိပ်တော့ ရေကတက်လာ‌ရော။ အချို့နိမ့်တဲ့အိမ်တွေ အိမ်ထဲရေဝင်ကုန်ပြီး။ အခု မွန်းလွဲပိုင်းအချိန်အထိကို မိုးရေရော၊ တောင်ကျရေပါဆင်းနေတုန်း” ဟု မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်နေပြည်သူတစ်ဦးကပြောကြားသည်။

ထို့အတူ မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ ဟံဂံကျေးရွာ နှင့် မာန်အောင်ကျေးရွာတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ ချောင်းနှစ်ခွကျေးရွာ နှင့် ကျိုက်မရောမြို့ပေါ်ရပ်ကွက်တချို့တွင်လည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း ဒေသခံများ ၏ ပြောကြားချက်များ အရ သိရသည်။

“အတ္ထရံမြစ်ရေက ရေဆွဲအား ရှိသေးပေမယ့် မိုးကကောင်းနေတော့ ကွင်းပိုင်းတွေမှာ ရေကပြည့်နေတယ်။ ဒီနေ့ ညနေပိုင်း ရေတက်ချိန်နဲ့ဆိုရင် ကျိုက်မရောမြို့ပေါ်ရပ်ကွက်တချို့မှာ ရေကြီးမှုတွေ ပိုပြီး ဖြစ်လာနိုင်ပါတယ်” ဟု ကျိုက်မရောမြို့ခံ ပြည်သူတစ်ဦးက ပြောကြားသည်။

ထို့အပြင် အတ္ထရံ မြစ်ရေတက်လာနိုင်သည့်အတွက် ကျိုက်မရောမြို့ ရှင်စောပုရပ်ကွက်ရှိ အခြေခံပညာအထက်တန်း‌ကျောင်းခွဲတွင် ဖွင့်လှစ်ထားသည့် COVID -19 Positive လူနာများ ထားရှိရာ Center ရှိ Positive လူနာများအား ကျိုက်မရောလူငယ်ပရဟိတအဖွဲ့မှ ဘေးလွတ်ရာနေရာသို့ ပြောင်းရွေ့ပေးနေရကြောင်းလည်း သိရသည်။

၎င်းအပြင် မိုးအဆက်မပြတ်ရွာသွန်းခြင်း၊ တောင်ကျရေ ထိုးကျခြင်းကြောင့် သံဖြူဇရပ် – မုဒုံ ကားလမ်းပေါ်ရှိ နှီးပဒေါကျေးရွာအနီး ကားလမ်းပေါ်ရေကျော်နေပြီး လက်ရှိအချိန်တွင် ဆိုင်ကယ် နှင့် မော်တော်ယာဉ်ငယ်များ သွားလာလို့ မရတော့ကြောင်း ယင်းနေရာသို့ ရောက်‌ရှိနေသည့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။