ဗဟုသုတ

ရွှေမျောတွေကို ငွေလိုက်တောင်းတဲ့ စစ်ကောင်စီ သုံးပွင့်ဗိုလ် သေနတ်ပစ်ခံရ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ ရွှေမျောတွေကို ပိုက်ဆံလိုက်တောင်းတဲ့ စစ်ကောင်စီအကြမ်းဖက်တပ်က သုံးပွင့်ဗိုလ် သေနတ်နဲ့ပစ်ခံရတယ်လို့ တပ်နဲ့ နီးစပ်တဲ့ အသိုင်း အဝိုင်းက အမည်မဖော်လိုတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဟုမ္မလင်းမြို့နယ်၊ ပင်းမခေါ်ရွာနားမှာ ငွေ‌လိုက်လံတောင်းတဲ့ စစ်ကောင်စီအကြမ်းဖက်တပ်က သုံးပွင့်ဗိုလ်နှင့် ရှမ်းနီအမျိုးသားတပ်မတော် SNA အဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“နေ့ခင်း ၁ နာရီလောက်က ပစ်‌ခတ်မှုဖြစ်သွားတာ။ ၂၂၂ က ဗိုလ်ကြီး မျိုးလွင် ဆိုသူပါ။

သူက ကိုယ်ပိုင်ကားနဲ့ တစ်ယောက်တည်း ငွေလိုက်တောင်းတာတဲ့။ ဟိုဘက်က ဆိုင်ကယ်နှစ်စီး လူလေးယောက်နဲ့ သူပစ် ကိုယ်ပစ် ပစ်ကြတာ။”လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ အဆိုပါ အမျိုးသားက ပြောပါတယ်။

အဲဒီပစ်ခတ်မှုမှာ အရပ်သားအမျိုးသားတစ်ဦး ပေါင်မှာ သေနတ်မှန်ခဲ့ပြီး ဒဏ်ရာအခြေအနေက မစိုးရိမ်ရဘူးလို့လည်း သိရပါတယ်။

အဆိုပါ ငွေတောင်းခံတဲ့ သုံးပွင့်ဗိုလ်မျိုးလွင်ဆိုသူဟာ ယခုလ အစောပိုင်းက တရားဝင်ရွှေမျောတွေကို ငွေမပေးလို့ ဆိုပြီး လိုက်လံမီးရှို့ရာမှာ ဦးဆောင်ခဲ့သူလို့လည်း သိရပါတယ်။

ဓာတ်ပုံ – Facebook၊ ရွှေမျောလုပ်ကွက်တခုကိုတွေ့ရစဉ်