အပြင်မှာကြက်ပေါင်းရည်ဝယ်မရတော့ဘူးဆိုလို့ ကြက်ပေါင်းရည်လုပ်နည်းလေး ပြန်လည်၍ဝေမျှပေးလိုက်ပါတယ် ။
ကိုယ်လည်းအပြင်မထွက်တာ ၁ပတ်လောက်ရှိပြီမို့ရှိတာလေးနဲ့လုပ်ပြထားပါတယ် ။ ကြက်ပေါင်းရည်ဆိုတာကြက်ကိုပေါင်းပြီးထွက်လာတဲ့အရည်ချိုကိုပြောတာပါ ။
ကြက်သား ဂျင်း ကြက်သွန်ဖြူ နံနံပင်အမြစ်တို့လိုပါတယ် ကြက်သားကိုရေစင်အောင်ဆေးပါ
နံနံပင်ရဲ့အမြစ်ကိုရေစင်အောင်ဆေးပါ
ဂျင်းကိုအခွံခွာပြီး မထူမပါးလှီးပါ
ကြက်သွန်ဖြူအမွှာကိုခွာယူပြီး ရေဆေးပါ
(အခွံမခွာပါဘူးရှင် အခွံနဲ့တစ်ပါတည်းထည့်ပေါင်းမှာပါ )
ဇောက်နက်တဲ့ပန်းကန်ထဲကို ပန်းကန်လုံးအသေးလေးတစ်လုံးမှောက်ထည့်ပါ
သူ့အပေါ်မှ ကြက်သား ဂျင်း ကြက်သွန်ဖြူ နံနံပင် ဖြန့်ပြီးထည့်ပါ
ထမင်းပေါင်းအိုးထဲကို ရေထက်ဝက်ခန့်ထည့်ပြီး အပေါ်ကန့်သုံးကာ ၂နာရီခန့်ပေါင်းပါ
အဖုံးမဖွင့်ကြည့်ပါနဲ့ ကြက်ပေါင်းရည်ရဖို့ အချိန်၂နာရီကလုံလောက်ပါတယ်ရှင်
ကြက်ပေါင်းရည်လိုတာထက်ပိုထွက်ချင်ရင်
ဒီလိုလေးလုပ်ပါရှင် 👇🏻
ဇစ်အိတ်လေးတွေထဲ ရေခဲတုံးလေးတွေထည့်ပြီး အိုးအဖုံးပေါ်ကို တင်ပေးပါရှင်
ဘယ်အချိန်လုပ်ရမလဲဆိုတော့ အချိန်ပြည့်ဖို့ ၅မိနစ်၁၀မိနစ်အလိုလောက်မှာလုပ်လို့ရပါတယ်
ဘာအရသာမှုန့် ဘာဆားမှမထည့်ပါဘူး
ကြက်ကတော့ ဗမာကြက်အသုံးပြုတာအကောင်းဆုံးပါရှင် ။
ကြက်ပေါင်းရည်ထဲမှာအဆီတွေဝေ့နေတာ မနှစ်သက်ဘူးဆိုရင် ကြက်ပေါင်းတဲ့အခါ ကြက်အရေခွံကိုဖယ်ပြီးပေါင်းပေးပါရှင့် ။
Credit Htun Thiri
မူရင်းပိုစ့်ပိုင်ရှင် မမအားcredit ပေးပါသည်။
မှတ်ချက်
အရေခွံမချွတ်လျှင် အဆီထွက်ပြီးလည်ချောင်းယားပြီးချောင်းဆိုးတတ်ပါသည်။