ဗဟုသုတ

အိုးဘိုထောင်ရှိ အကျဥ်းသားတွေကို ဆန်ပြုတ် အရည်ကျဲတစ်ခွက်သာ တိုက်

ဇူလိုင် ၂၄ ရက်၊ မန္တလေး

မနေ့ ဇူလိုင် ၂၃ ရက်က ဖြစ်ပွားခဲ့တဲ့ ရန်ကုန် အင်းစိန်ထောင်တွင်း သပိတ်ကြောင့် ဒီနေ့မှာတော့ မန္တလေး အိုးဘိုထောင်သို့ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီး အကျဥ်းသားတွေကို တစ်နေ့စာအတွက် ဆန်ပြုတ် အရည်ကျဲတစ်ခွက်သာ ပေးခဲ့တယ်လို့ အမည်မဖော်လိုသူ ထောင်ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

အင်အား ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ထောင်ဝန်ထမ်းတွေရဲ့ လုပ်ငန်းတာဝန်တွေကိုပါ တင်းကြပ်ထားပြီး ပြင်ပ အဆက်အသွယ်အားလုံးကိုထိန်းချုပ်ထားတယ်လို့ သူက ပြောပါတယ်။

“နိုင်ငံရေး အကျဥ်းသားတွေတင်မကဘူး။ ထောင်ထဲ ရှိသမျှလူတွေအကုန်လုံးကို ဆန်ပြုတ် အရည်ကျဲတစ်ခွက်ပဲ တိုက်တယ်ဗျ။

မနေ့က အင်းစိန်ကိစ္စကြောင့်ပေါ့ဗျာ။ အကုန်လုံးကို ဒဏ်ခတ်တယ်ဆိုပြီး တိုက်တာ။ ဆန်ပြုတ်ဆိုပေမဲ့ အရင်ရက်တွေကကျန်တဲ့ ဆန်ပြုတ်တွေနဲ့ပါ ရောတော့ ချဥ်နေတာဗျ။ အဲဒီချဥ်နေတဲ့ ဆန်ပြုတ်ကို တိုက်တာ” လို့ ဆိုပါတယ်။

အိုးဘိုထောင်ထဲမှာ Covid-19 ရောဂါဖြစ်ပွားမှုကလည်း စိုးရိမ်စရာအနေအထားမှာ ရှိနေပြီး နေ့စဥ်လူပေါင်း ဒါဇင်နဲ့ချီပြီး သေဆုံးနေရသလိုထောင်ဝင်စာလည်း ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဥ်းသား ထောင်နဲ့ချီ အကျဥ်းချခံနေရတဲ့ အိုးဘိုထောင်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရတာတွေ ရှိနေတာကြောင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC)အနေနဲ့ အမြန်ဆုံး ဝင်ရောက်အကူအညီပေးဖို့ လိုအပ်နေတယ်လို့ နိုင်ငံရေးအကျဥ်းသားတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက ဆိုပါတယ်။