ဗဟုသုတ

သားလေးရဲ့အသက်ကိုကယ်တင်ပေးဖို့ ပရဟိတသမားတွေဆီအားကိုးတကြီးနဲ့ လာရောက်ခဲ့ပေမယ့် ငိုကြွေးပြီး အိမ်ပြန်သွားခဲ့ရတဲ့ မိခင်တစ်ဦး

ကိုဗစ်တတိယလှိုင်းက မြန်မာပြည်သူတွေရဲ့ အသက်တွေများစွာကို နုတ်ယူနေပြီး လူအများအပြားဟာလည်း အကူအညီမဲ့စွာနဲ့ အသက်သေဆုံးနေကြောင်း သိရှိရပါတယ်။

ယနေ့မှာလည်း ပုလဲအရန်မီးသတ်စခန်းကပရဟိတသမားတွေဟာ ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်လေးနဲ့ကြုံတွေ့လိုက်ရလို့ အလွန်စိတ်မကောင်းဖြစ်နေကြပါတယ်။

အကြောင်းကတော့ မိခင်တစ်ဦးဟာ နေမကောင်းဖြစ်နေတဲ့ သားလေးကိုခေါ်ပြီး ပုလဲအရန်မီးသတ်စခန်းထဲကိုအပြေးလေးဝင်လာကာ အားကိုးတကြီးနဲ့သားလေးရဲ့အသက်ကို ကယ်တင်ပေးဖို့ အကူအညီတောင်းခံခဲ့ပါတယ်။

Taxiကားနဲ့သားလေးကို တင်ခေါ်လာခဲ့တာဖြစ်ပြီး အဆိုပါမိခင်ရဲ့သားဖြစ်သူက စခန်းမရောက်ခင်လမ်းပေါ်မှာတင် အသက်သေဆုံးနေခဲ့တာဖြစ်ပါတယ်။

သားဖြစ်သူအသက်သေဆုံးနေတာကို မသိဘဲ ပရဟိတသမားတွေကို “ဆရာ ကျွန်မ သားလေး ကို ကယ် ပါ ဦး” ဆိုတဲ့ စကားလေးကိုပါးစပ်ကတဖွဖွရေရွတ်ရင်း သားဖြစ်သူကို စိုးရိမ်နေတဲ့ အဆိုပါအမျိုးသမီးကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေကြတာဖြစ်ပါတယ်။

ပြည်သူတွေကလည်း ကြေကွဲစရာကောင်းတဲ့ အဆိုပါအဖြစ်အပျက်လေးကို ကြည့်ပြီး ဝမ်းနည်းနေကြပါတယ်။

အဆိုပါဆုံးပါးသွားတဲ့လူငယ်လေးရဲ့ထူးခြားတာတစ်ခုက ပထမတစ်ကြိမ်ဖျားနာခဲ့တုန်းက ကျန်းမာရေးကောင်းအောင် နေထိုင်ခဲ့ပြီး ဝမ်းစာအတွက် ကားပြန်မောင်းရင်း ထပ်ပြီးဖျားနာခဲ့တာဖြစ်ပါတယ်။

ဒုတိယအကြိမ်ထပ်ဖျားနာခဲ့ရာမှာတော့ အောက်ဆီဂျင်ပါကျပြီး အခုလိုအသက်ဆုံးရှုံးသွားခဲ့တာဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း ကျန်းမာရေးပြန်ကောင်းလာပြီဆိုပြီး အိပ်ရေးပျက်မခံကြဖို့၊အာဟာရရှိတဲ့အစားအစာတွေကို ဆက်စားကြဖို့နဲ့ ဖော်ပြပါဖြစ်ရပ်လေးကို သင်ခန်းစာယူကြဖို့ တိုက်တွန်းပြောဆိုလိုက်ရပါတယ်။