ချင်းပြည်နယ်၊ မင်းတပ်မြို့ရောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ဝန်ထမ်းများသည် စစ်ရှောင်ဒုက္ခသည်အများအပြားအတွက် ကူညီထောက်ပံ့ရမည့် ပစ္စည်းများကို ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် အပ်နှံထားပြီးနောက် ယနေ့ (ဇူလိုင် ၂၃) မနက်ပိုင်းတွင် မင်းတပ်မြို့မှ ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံများထံမှ သိရသည်။
လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ရေးစ္စည်းများကို မြို့ပေါ်ရှိ အိမ်ထောင်စုတချို့ကိုသာ ပေးအပ်ခွင့်ရခဲ့သည်ဟု မင်းတပ်မြို့မိမြို့ဖတစ်ဦးက ပြောသည်။
“သူတို့က ကျေးလက်မှာလည်း သွားလာခွင့်မရှိဘူးဆိုတော့၊ ဖြန့်စရာလည်း အကုန်ပြီးတော့ ထပ်ဆင့်လုပ်စရာလည်း မရှိတဲ့အခါမှာ သူတို့လုပ်ငန်းတာဝန်ပြီးတာနဲ့ပဲ ပြန်သွားတာလို့ပဲ ယူဆပါတယ်” ဟု အထက်ပါ မင်းတပ်မြို့မိမြို့ဖက ပြောသည်။
ကျေးရွာများရှိ အကူအညီလိုနေသည့် စစ်ရှောင်များအတွက် ကျန်ရှိနေသည့် ထောက်ပံ့ရေးပစ္စည်းများပေးနိုင်ရန် စစ်ကောင်စီထံ တင်ပြသွားရန် စီစဉ်ထားသော်လည်း လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ခေတ္တ ဆိုင်းငံ့ထားသည်ဟု ၎င်းက ပြောသည်။
စစ်ကောင်စီ၏ သဘောတူညီချက်ဖြင့် ဖွင့်လှစ်ထားသည့် မင်းတပ်မြို့ပေါ်ရှိ စစ်ရှောင်စခန်း ၁၁ ခုအနက် ၅ ခုမှ အိမ်ထောင်စုအနည်းငယ်အတွက်သာ ပေးအပ်ခွင့်ရခဲ့ခြင်းဖြစ်သည်ဟု မင်းတပ်မြို့ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“အိမ်ထောင်မိသားစု ၅၀၀ အတွက် ယူလာတယ်ဆိုတော့ ၅၀၀ ထဲမှာ ၆၆ စုကို သူတို့က ပေးထားပြီဆိုတော့ ၄၃၄ အတွက် ရှိမှာပါ။ သူတို့ကတော့ ဒီစခန်းထဲမှာ ပြန်ရောက်လာမယ့် လူသစ်တွေ၊ ပြန်တိုးလာတဲ့ မိသားစုတွေ ရောက်လာရင် စာရင်းဇယားနဲ့ တောင်ပုလုဘုန်းကြီးကျောင်းမှာ သွားပြီးတော့ သွားထုတ်လို့ရတယ်လို့ အဲဒီလိုပဲ မှာကြားတယ်” ဟု သူက ပြောသည်။
မြို့ပေါ်ရှိ ဗဟိုကျောင်း၊ တောင်ပုလုကျောင်း၊ မြို့ဦးကျောင်း၊ နှစ်ခြင်းခရစ်ယာန်ကျောင်း၊ ဖရက်စ်ဘုရားကျောင်းတို့မှ အိမ်ထောင်စုများထံ ဇူလိုင်လ၂၀ မှ ၂၂ အတွင်း ကူညီထောက်ပံ့ပေးနိုင်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီက လုံခြုံရေးအကြောင်းပြကာ အကူအညီလိုအပ်နေသည့် အနီးနားကျေးရွာများထံ UNHCR သွားရောက်ခွင့် ကန့်သတ်ခဲ့သည်။
မင်းတပ်မြို့အနီးတဝိုက်ကျေးရွာများတွင် ခိုလှုံနေရသည့် စစ်ရှောင်ပြည်သူများနှင့် ဒေသခံအပါအဝင် လူဦးရေ ၉၀၀၀ ကျော်မှာ စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီ လိုအပ်နေကြောင်း မင်းတပ်မြို့ စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲရေးကော်မတီထံမှ သိရသည်။
ထိုစခန်းများအတွက် ပြည်တွင်းပြည်ပအလှူရှင်တို့၏ ထောက်ပံ့မှုဖြင့်သာ လည်ပတ်နေရကြောင်း၊ လက်ရှိတွင် အခြားနိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီမှုမရှိသေးကြောင်း အဆိုပါကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကူညီထောက်ပံ့ရေးပစ္စည်းများတွင် ကိုဗစ်နိုင်တင်းကာကွယ်ရေး တစ်ကိုယ်ရေသုံးပစ္စည်းကိရိယာများ၊ တာပေါ်လင်များ၊ ခြင်ထောင်၊ ဖျာ၊ စောင်၊ မီးဖိုချောင်သုံးပစ္စည်းနှင့် နေရောင်ခြည်စွမ်းအင်သုံးမီးအိမ်များ ပါဝင်ကြောင်း UNHCR ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲတို့ ယာယီအပစ်ရပ်ရန် သဘောတူထားခဲ့သော်လည်း UNHCR အကူအညီများ မင်းတပ်မြို့သို့ ရောက်ရှိပြီး နောက်တစ်ရက် ဇူလိုင် ၂၁ တွင် စစ်တပ်က ရုတ်ချည်းထိုးစစ်ဆင်လာ၍ တိုက်ပွဲများပြန်ဖြစ်ပွားနေသည်။
မင်းတပ်မြို့၌ ဧပြီလအတွင်း တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။ မေလ ၁၂ မှ စတင်ကာ တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် လူနှစ်သောင်းကျော် နေရပ်စွန့်ခွာကာ ထွက်ပြေးခဲ့ရသည်။
ကိုဗစ်နိုင်တင်းတတိယလှိုင်းသည် မင်းတပ်မြို့တွင်လည်း ဖြစ်ပွားလာရာ လက်ရှိအချိန်ထိ ကူးစက်ခံထားရသူ ၁၀ ဦး နီးပါး ရှိနေပြီဖြစ်သည်။