ဗဟုသုတ

မင်းတပ်တွင် သေနတ်ဖြင့်ပစ်ခံရ၍ သားသေ အဖေဒဏ်ရာရ အိမ်လည်းမီးလောင်

မင်းတပ်/ ဇူလိုင်လ ၂၃ ရက်

မင်းတပ်မြို့တွင် သေနတ်သမားများကနေအိမ်တွင်းဝင်ရောက်၍ ပစ်ခတ်မှုကြောင့် သားဖြစ်သူသေဆုံးပြီး ဖခင်ဖြစ်သူဒဏ်ရာရသွားကာ နေအိမ်လည်းမီးလောင်ပြာကျသွားမှု ဖြစ်သွားခဲ့သည်။

ချင်းပြည်နယ် မင်းတပ်မြို့ ဘဝသစ်ရပ်ကွက် မြို့ပတ်လမ်းပေါ်ရှိနေအိမ်တစ်လုံးတွင် ယမန်နေ့ညဦးပိုင်းက သေနတ်သံများထွက်ပေါ်ခဲ့ပြီးနောက် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့သည်ကို မဇ္ဈိမက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါနေအိမ်တွင်နေထိုင်သူ သားအဖနှစ်ဦးတွင် သားဖြစ်သူမှာ ဗိုက်တွင်ထိမှန်သောသေနတ်ဒဏ်ရာများဖြင့် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး အဖေဖြစ်သူမှာ လည်ပင်းတွင် ကျည်ဆန်ထိမှန်ကာဒဏ်ရာရသည်ကို ယနေ့နံနက်တွင် နောက်ဆက်တွဲသိရသည်။

ကျန်းမာရေးဝန်ကြီးဌာနဝန်ထမ်းဖြစ်သည့် ဖခင်ဖြစ်သူကို မန္တလေးဆေးရုံသို့ ယမန်နေ့ည ၁ နာရီခန့်က ပို့ဆောင်ကုသမှုခံယူနေကာ သားဖြစ်သူရုပ်အလောင်းကို ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင် မီးသဂြိုလ်ခဲ့သည်။

မင်းတပ်မြို့ မီးသတ်စခန်းရှိသည့်နေရာနှင့် အလှမ်းကွာဝေးခြင်း၊ ညအပြင်မထွက်ရအမိန့်ထုတ်ပြန်ထားခြင်းနှင့် မီးသတ်ဝန်ထမ်းနည်းနေချိန်ဖြစ်သည့်အတွက် နံနက်မိုးလင်းပိုင်းအထိ နေအိမ်မီးလောင်ကျွမ်းခဲ့သည်ဟု အိမ်နီးချင်းများက ပြောသည်။

အိမ်နီးချင်းတစ်ဦးက “ပထမ ၁၁ နာရီအချိန်လောက်မှာ သေနတ်သံလေးချက်ကြားရတယ်။ အဲဒီနောက် သေနတ်မောင်းပြန်သံတွေအတွဲလိုက် ၁၀ချက်လောက်ကြားပြီးတာနဲ့မီးလောင်တာပဲ ။ပေါက်ကွဲသံဆိုတာကလည်း အိမ်ခြံဝန်းထဲမှာ ဆိုင်ကယ်နှစ်စီးရပ်ထားတယ် အဲဒီကပေါက်ကွဲသံပဲဖြစ်မယ်” ဟု ပြောသည်။

”အခု မီးလောင်သွားတဲ့အိမ်ဟာ ကျန်းမာရေးဝန်ထမ်း စာရေးကြီးအိမ်ပါ။ ပြီးတော့သူက Non-CDM သမား။ အခု ဘယ်အဖွဲ့ရဲ့လက်ချက်လည်းတော့မသိဘူး။ ”ဆက်လက်ပြောပြသည်။

မင်းတပ်မြို့တွင်စကစနှင့် မင်းတပ်(CDF)တို့တိုက်ပွဲများပြန်လည်ဖြစ်ပွားနေပြီး မင်းတပ်မြို့ထဲတွင် စစ်ကောင်စီတပ်များ နေရာအနှံ့တပ်စွဲထားချိန်တွင် အခင်းဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။